မိုင်းလား အထူးဒေသ (၄) တွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး
DVB
·
December 26, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ ၄ မှာ ဒီဇင်ဘာ ၂၅ နေ့ကစပြီး ကိုဗစ်-ရောဂါ ရှိ၊ မရှိ အာခေါင်တို့ဖတ်နမူနာယူတာ အခမဲ့စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
ဒေသ၏စီးပွားရေးနှင့်လူမှုရေး ပုံမှန်လည်ပတ်နိုင်ဖို့ မိုင်းလားဒေသတွင်းက နမ့်မချောင်း၊ ရွှေပြည်တံတား နာရီစင်ကနေ ပြည်ဝင်မုခ်ဦး စုပေါင်းစစ်ဆေးရေးဂိတ်အထိ၊ ရွှေပြည်တံတား နာရီစင်ကနေ သုညကီလိုအဝိုင်းပတ်၊ နမ့်မချောင်းမြောက်ဘက်နဲ့ ဝမ်ရှိဖွံ့ဖြိုးရေးဇုန်အထိ နေရာ ၄ နေရာမှာရှိတဲ့ ပြည်သူအားလုံးကို ဒီဇင်ဘာ ၂၅ နေ့က စတင်ကာ အခမဲ့စစ်ဆေးပေးနေတာပါ။
လုပ်ငန်းအဖွဲ့ရဲ့ လုပ်ငန်းပြင်ဆင်မှု အားနည်းချက်ကြောင့် အချို့စစ်ဆေးတဲ့နေရာတွေမှာ ပြည်သူတွေ စနစ်တကျ တန်းမစီတာနဲ့ ရောဂါစစ်ဆေးဖို့ လက်မှတ်မရတာတွေ ဖြစ်ခဲ့တယ်လို့ မိုင်းလား အာခေါင် တို့ဖတ် နမူနာ စစ်ဆေးရေး လုပ်ငန်းအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အာခေါင်တို့ဖတ်နမူနာယူစစ်ဆေးတာမှာ အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကို တယောက်မကျန် စစ်ဆေးပေးမှာဖြစ်ပြီး ခပ်ခွာခွာစနစ်တကျ တန်းစီပြီး စစ်ဆေးမှုကို လက်ခံကြဖို့ဦ ရောဂါစစ်ဆေးတဲ့ လက်မှတ်မရသူတွေအနေနဲ့လည်း မစိုးရိမ်ကြဖို့ တိုက်တွန်းထားပါတယ်။
မိုင်းလားမှာရောက်ရှိနေတဲ့ ရှမ်းလူငယ်တဦးက “မနေ့က နာမည်စာရင်း လာယူသွားပြီး ဖုန်းနံပါတ်ပါ မှတ်သွားပါတယ်။ အလှည့်ကျတာနဲ့ ဖုန်းဆက်ခေါ်လို့ သွားစစ်ခဲ့ပါပြီ။ စစ်ဆေးခ မပေးခဲ့ရပါဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မိုင်းလား အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့ကနေ စားနပ်ရိက္ခာအနေနဲ့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ဈေးသက်သာစွာ ခွဲတမ်းနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။
မိုင်းလားဒေသကို ခရီးသွားရာဇဝင်ရှိခဲ့တဲ့ တရုတ်နိုင်ငံသားတချို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Mongla News, Sai Tai KME