“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၇ ဦးရှိလာ
DVB
·
December 26, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ မှာ ဒီဇင်ဘာ ၂၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၇ ယောက်ရှိပြီလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
ဝ အထူးဒေသ ၂ မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၄,၀၆၃ ယောက်ကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးတဲ့အခါမှာ မိုင်းပေါက်ခရိုင်က ၁၈ ယောက်နဲ့ UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းက ၉ ယောက် ရောဂါပိုးတွေ့ရှိထားတယ်လို့ ဦးညီရမ်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောကြားထားတာပါ။
လက်ရှိမှာတော့ ဝ ဒေသအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ အသုံးဆောင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့ပေးထားပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၂ မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။