Home
မြန်မာသတင်း
လူ ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်ရန် မြန်မာအဖွဲ့ အိန္ဒိယရောက်နေဟု အတိုင်ပင်ခံပြော
DVB
·
December 25, 2020
လူဦးရေ ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်ယူဖို့ အဖွဲ့တဖွဲ့ အိန္ဒိယနိုင်ငံမှာ  ရောက်နေပြီး ဝယ်ယူရေးကိစ္စတွေနဲ့ ပတ်သက်လို့ နောက်တပတ်လောက်အတွင်းမှာ ပိုပြီးတိတိကျကျ သိရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်အခြေအနေနဲ့ပတ်သက်လို့ မနေ့က ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး အခုဆိုရင် အဓိက ဦးတည်နေတာဟာ ကာကွယ်ဆေးဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်အတွင်းမှာ လူနာတွေ့နှုန်း တရက်ကို ၁၀၀၀ အောက် ကျလာတာဟာ တိုးတက်မှုလို့ ပြောရပေမယ့် သိပ်ကြီးကောင်းပြီလို့တော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ “ဒါပေမယ့်လည်း အားလုံးဝိုင်းဝန်းပြီးတော့  ထိန်းချုပ်ပေးဖို့၊  ဒီရောဂါကို  ထိန်းချုပ်ပေးဖို့ ကြိုးစားကြလို့ ကျေးဇူးတင်တယ်လို့ ကျမပြောချင်ပါတယ်။ ဒါဆက်ပြီးတော့ ထိန်းသိမ်းထားကြပါ။ အဲဒီတော့ ကျမတို့အနေနဲ့ အခုဆိုရင် အဓိက ဦးတည်နေတာကတော့ ကာကွယ်ဆေးပေါ့၊ ကာကွယ်ဆေးကို လူ ၁၅ သန်းအတွက် ဝယ်ယူဖို့အတွက် အခု ကျမတို့ အဖွဲ့တဖွဲ့ အိန္ဒိယနိုင်ငံမှာ  ရောက်နေပါတယ်။ ဒီကာကွယ်ဆေးဝယ်ယူရေး ကိစ္စတွေနဲ့  ပတ်သက်လို့ဆိုရင် နောက် တပတ်လောက်အတွင်းမှာ တိတိကျကျပိုပြီးတော့ သိရပါလိမ့်မယ်” ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီး အားလုံး အဆင်သင့်ရှိပြီ ဆိုတဲ့နောက် မကြာခင်ကာလမှာ တတိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေစဖို့လုပ်ထားပြီး ပထမဦးစားပေးကတော့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ “အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ ကျွန်မတို့ တတိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ပြီးမှာပါ။ ဒါကြောင့် ဒီကြားထဲမှာ သိပ်ပြီးတော့ သတိထားဖို့လိုပါတယ်။ ပန်းတိုင်မြင်ရတဲ့အချိန်မှာမှ ခလုတ်တိုက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူတွေ ဒီကြားထဲမှာ ကာကွယ်ဆေးမရောက်ခင်ပေါ့။ ဒါ လပိုင်းနဲ့ချီပြီးတော့ ကြာနိုင်ပါတယ်လို့  ကျမထပ်ပြောပါရစေ” ဒီကြားထဲမှာ  ရောဂါ မကူးစက်အောင် ကိုယ့်ဆီကလည်း သူများဆီကို မကူးစက်အောင် သတိနဲ့ နေကြဖို့ သူက ဆက်ပြောပြီး ကာကွယ်ဆေးနဲ့ တဖက်ကထိန်းသွားမယ်ဆိုရင်   နိုင်ငံအနေနဲ့ ပုံမှန်ပြန်ပြီး လည်ပတ်လို့ရမယ်လို့လည်း ဆိုပါတယ်။ “တချို့ကမ္ဘာ့နိုင်ငံတွေမှာဆိုရင် အခု ပြောရတာတောင်မှ လှိုင်းက နံပါတ် ဘယ်လောက် ရောက်နေမှန်းမသိပါဘူး။ တတိယလှိုင်းလား၊ စတုတ္ထလှိုင်းလား၊ ပဉ္စမလှိုင်းလား။ ပိုပိုပြီးတော့ ဆိုးလာတဲ့ နေရာတွေရှိပါတယ်။ အဲဒါကြောင့် ကျမတို့ အခုဘယ်လိုမှ ပေါ့လို့ မရတော့ဘူးဆိုတာကို ကျမထပ်ပြီးတော့ ပြောချင်ပါတယ်” ခရစ္စမတ်အချိန်၊ နှစ်သစ်ကူးအချိန်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ချင်တဲ့စိတ်နဲ့ စည်းမျဉ်းစည်းကမ်း၊ ရောဂါကာကွယ်ရေးစည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်တဲ့အခြေအနေမျိုးကို မရောက်ပါစေနဲ့ လို့လည်း သူက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၉,၇၈၈ ယောက်၊ သေဆုံးသူ ၂,၅၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၉,၉၂၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024