Home
အထွေထွေ
နော်အုန်းလှကို အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
August 29, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး တောင်းဆို ဆန္ဒပြမှုနဲ့ ဖမ်းထားတဲ့ အမျိုးသမီးကွန်ရက်က နော်အုန်းလှကို  မုံရွာတရားရုံးက နိုင်ငံတော် အကြည်ညိုပျက် စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ [caption id="attachment_15973" align="alignright" width="300" caption="​နော်အုန်း​လှ"][/caption] နော်အုန်းလှဟာ ဩဂုတ်လ ၁၃ ရက်နေ့က လက်ပန်းတောင်း စီမံကိန်း လုံးဝဖျက်သိမ်းရေး လက်ပန်းတောင်းဒေသခံတွေနဲ့အတူ မုံရွာမြို့မှာ ချီတက်ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကိုဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး  ဩဂုတ် ၂၇ ရက်နေ့မှာ စတင်ရုံးထုတ်စစ် ဆေးခဲ့ပြီး ၃ ရက်မြောက်ရုံးထုတ်တဲ့နေ့မှာ ထောင်ဒဏ်ချလိုက်တာလို့ နော်အုန်းလှရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “သူ့ကို ဖမ်းတာကတော့ အများပြည်သူ အထိတ်တလန့် စိုးရိမ်စိတ်တွေ ပေါက်လာမှာစိုးလို့ ဖမ်းတာပါလို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေ ကိုယ်၌က တရားခွင်မှာ ထွက်ဆိုထားတယ်။ သူ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ စွဲတာပါ။ သူ့ကို ဖမ်းပြီးမှ အမှုဖွင့်တာ၊ အမှုဖွင့်ပြီးမှ ဖမ်းတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ရုံးချိန်းဟာ နေ့တိုင်းရက်ဆက် စစ်တယ်၊ တနေ့မှ မနားဘူး။ အားလုံးပေါင်း တရားလိုအပါအ၀င် သက်သေ ၅ ယောက်ရှိတယ်၊ စဖမ်းတာ ၁၃ ရက်နေ့ ဖမ်းတယ်၊ ၂၇ ရက်နေ့ ရုံးမှာစစစ်တယ်၊ ၂၈ ရက်နေ့စစ်တယ်၊ ဒီကနေ့ ထောင်ချတယ် ဒါပဲ။” မနေ့က ရုံးထုတ်စစ်ဆေးရာမှာလည်း ရှေ့နေမပါဘဲ ရုံးထုတ်စစ်ဆေးတာကို နော်အုန်းလှက လက်မခံတဲ့အတွက် သူ့ကို အတင်းဆွဲခေါ် ရုံးထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီကနေ့ ထောင်ဒဏ်ချရာမှာလည်း ရှေ့နေကိုင်တိုင် မသွားရောက်နိုင်ဘဲ ထောင်ချခဲ့တဲ့အတွက် တရားမျှတမှု မရှိဘူးလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “ရှေ့နေမပါပဲနဲ့ စစ်ရကောင်းလာဆိုပြီးတော့ မနေ့က တရားရုံးအချုပ်ခန်းထဲက မထွက်ဘူးဆိုတော့ အမျိုးသမီးရဲတွေက ဒယဥ့်တိုက် ဆွဲပြီးတော့ ထုတ်သွားတယ်၊ အဲဒီလိုသိရတယ်။ အဲဒီတော့ ဒီဥစ္စာက လွတ်လပ်ပြီး တရားမျှတတဲ့ စစ်ဆေးမှုလို့ ပြောရခက်နေတယ်။” နော်အုန်းလှကို အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး မုံရွာတရားရုံးနဲ့ ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။ နော်အုန်းလှဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံထားရစဉ်ကာလက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကမ္မ၀ါစာ တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရ ပြီးနောက် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။  ၂၀၁၁ ခု မေလ ၁၇ ရက်နေ့မှာတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီးနောက် မြစ်ဆုံရေဆည်တည်ဆောက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ လက်ပန်းတောင်းတောင်ကြေနီး စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဒီဆန္ဒပြမှုကြောင့်လည်း ရဲစခန်အတော်များများရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရပါတယ်။ ကရင်တိုင်းရင်းသူတဦးဖြစ်တဲ့ နော်အုန်းလှဟာ သူရဲ့တက်ကြွစွာလှုပ်ရှားမှုတွေ ကြောင့်  ၁၉၈၉၊ ၁၉၉၀၊ ၁၉၉၂၊ ၁၉၉၅၊ ၁၉၉၈ နှင့် ၂၀၀၇ ခုနှစ်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024