ရွေးကောက်ပွဲရလဒ် အလိုမရှိကြောင်း မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်များ ဆန္ဒပြ
DVB
·
December 24, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဝန်းရံသူတွေဟာ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ် အလိုမရှိကြောင်း ဒီနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။
မြစ်ကြီးနားခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအပါအဝင် ပါတီဝန်းရံသူတွေနဲ့ ပါတီဝင် အယောက် ၂၀ ကျော် ဒီဇင်ဘာ ၂၄ ရက်နေ့မနက်က မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် ပြည်နယ်ကြံ့ခိုင်ရေးရုံးရှေ့မှာ ဆန္နထုတ်ဖော်ခဲ့ကြတာပါ။
မြစ်ကြီးနားခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဟောင်းဂျုံးက ”ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ UEC ရဲ့ ဆောင်ရွက်ချက်တွေမှာ လွဲချော်တဲ့ဟာတွေ အားနည်းချက်တွေ အများကြီးရှိခဲ့တယ်လို့ ကျနော်တို့ ထင်မြင်ယူဆတဲ့အတွက် ဒီရွေးကောက်ပွဲဟာ အမှန်တရားပေါ်ပေါက်ဖို့ လိုသလို တရားမျှတတဲ့ ရွေးကောက်ပွဲလည်းဖြစ်ဖို့ လိုတယ်ဆိုတာကို ဆန္နထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တာဝန်ယူမှုတာဝန်ခံမှုမရှိသော ကော်မရှင်အဖွဲ့ဖျက်သိမ်းပေးရေး၊ ဥပဒေနဲ့မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ဆန့်ကျင်ကြ၊ စာသားတွေပါတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မိုးကောင်းမြို့တို့မှာ ကြံ့ခိုင်ရေးပါတီဝန်းရံသူတွေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲကော်မရှင်အား အလိုမရှိကြောင်း လူဦးရေ ၃၀ လောက်နဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မီးမီး