Homeမြန်မာသတင်း
တရုတ်ကို ပို့နေသည့် လယ်ယာထွက်ကုန်များ ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက် ညှိနှိုင်း အောင်မြင်
တရုတ်ကို ပို့နေသည့် လယ်ယာထွက်ကုန်များ ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက် ညှိနှိုင်း အောင်မြင်
DVB
·
December 23, 2020
မြန်မာကနေ တရုတ်ကို တင်ပို့နေတဲ့ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းတွေ ပိုပြီး မြန်မြန်ဆန်ဆန် တင်ပို့နိုင်ဖို့အတွက် ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက် (SPS Protocol) တွေ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းအောင်မြင်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့က ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးမှာ ညှိနှိုင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့တို့အကြား ဆက်သွယ်ဆွေးနွေးတာဖြစ်ပြီး ဆောင်းရာသီမှာ သစ်သီးကားတွေပိုများလာမှာဖြစ်လို့ သွားတဲ့အခါ ယာဉ်ကြောမကျပ်ဖို့၊ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေကို ၂၀၂၁ ခုနှစ် ပထမ ၆ လ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားကြဖို့၊ မြန်မာ့ပို့ကုန်ပစ္စည်းတွေ ခိုင်မာတဲ့ ဈေးကွက်ရရှိနိုင်ရေးအတွက် အရည်အသွေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Banking System နဲ့ တရားဝင် ကုန်သွယ်နိုင်ရေး၊ မူဝါဒအပြောင်းအလဲတွေအတွက် ကြိုတင်အသိပေးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် - ကျိန်စန်းကျော့ အသွားအပြန် လမ်းဖောက်လုပ်ရေး စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စားသုံးသူရေးရာဥပဒေအရ ကုန်အညွှန်း အမှတ်အသားနဲ့ ပတ်သက်လို့ လိုက်နာဆောင်ရွက်ဖို့ အချက်တွေကိုလည်း တရုတ်ကုန်သည်လုပ်ငန်းရှင်တွေ သိရှိ ဆောင်ရွက်နိုင်ဖို့ တရုတ်နိုင်ငံဘက်ကို အသိပေးပြောခဲ့ပါတယ်။