မန်စံရွာမြောက်ကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ နေရပ်ပြန်
DVB
·
December 23, 2020
တိုက်ပွဲတွေ ရပ်သွားတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံရွာမြောက်ကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် နားကျဲရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နမ္မတူမြို့နယ် နားကျိုင်း၊ ကွန်ကျောင်း၊ ပိန်းလုံ နဲ့ နားကျဲရွာနေ ပြည်သူ ၂၅၀ လောက်ဟာ မန်စံရွာမြောက်ကျောင်းကို ဒီဇင်ဘာ ၉ ရက်နေ့က လာရောက်ခိုလှုံခဲ့ကြတာပါ။
တိုက်ပွဲတွေ ရပ်သွားပြီဆိုပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က နေရပ်ပြန်သွားခဲ့ကြပေမယ့် ရွာအနီး လက်နက်ကြီးတွေ ကျရောက်ခဲ့တာကြောင့် ဒီဇင်ဘာ ၁၈ နေ့က စစ်ရှောင် ၁၆၉ ဦး ထပ်မံတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၃ နေ့ မနက်အစောပိုင်းမှာတော့ အခြေအနေငြိမ်သက်သွားပြီလို့ ကျေးရွာသူကြီးက အကြောင်းကြားလာတဲ့အတွက် နေရပ်အသီးသီးသို့ ပြန်သွားကြပြီလို့ နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောပါတယ်။
ကိုဗစ်ကပ်ဘေးကာလမှာ စားဝတ်နေရေးခက်ခဲစွာရုန်းကန်ရတဲ့ကြားက နမ္မတူမြို့နယ်က ရွာသားတွေဟာ ချမ်းအေးလှတဲ့ဆောင်းဒဏ်ကြားမှာ နှစ်ကြိမ်တိုင် စစ်ဘေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ဖြစ်တာကြောင့် နေရပ်ပြန်ချင်ကြတာလို့ ရွာသားတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် က နမ့်ပိုင်ကျေးရွာထဲ လက်နက်ကြီးစ ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဝန်ဆောင်သည်တဦးအပါအဝင် ရွာသားလေးဦးဟာလည်း ဆေးရုံမှဆင်းကာ နေအိမ်သို့အသီးသီးပြန်နိုင်ခဲ့ကြပြီလို့ ဆီလိန်ခမ်းအမျိုးသမီးအဖွဲ့က နန်းခမ်းမီးက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော် နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့ရဲ့ ထိတွေ့တိုက်ပွဲကြောင့် ပန်ချင်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၁၈ နေ့က ရောက်ရှိခိုလှုံလာကြတဲ့ နမ္မတူမြို့နယ် မိုက်ဟုန်းကျေးရွာက ပြည်သူ ၂၃၀ လောက်ဟာလည်း ဒီဇင်ဘာ ၂၁ နေ့ နေ့လယ်ပိုင်း နေရပ်ပြန်ခဲ့ကြတယ်လို့ ဒေသခံပန်ချင်ရွာသားတဦးကပြောပါတယ်။
ဒီဇင်ဘာလအတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း - နန်းငြိမ်းလုံ