‘ဝ’ အထူးဒေသ ၂ တွင် ကိုဗစ်ထိန်းချုပ်ရေးအတွက် တရုတ်က ကူညီပေးနေ
DVB
·
December 23, 2020
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ‘ဝ’ အထူးဒေသ ၂ မှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက ဆေးနဲ့ ဆေးဝန်ထမ်းတွေအပြင် စားသောက်ကုန်တွေကိုလည်း ကူညီမှုပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
‘‘ဝ”ဒေသအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၂ ဦးရှိနေတဲ့အတွက် ဒေသတွင်း မြို့နယ်အလိုက်သွားလာမှုတွေ ကန့်သတ်ထားတဲ့အပြင် ရောဂါကုသရေးနဲ့ ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ ယူနန်အစိုးရက ဆေးဝန်ထမ်းအပါအဝင် ဆေးပစ္စည်းတွေကို ထောက်ပံ့ပေးနေတာလို့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
‘‘တရုတ်အစိုးရနဲ့ လူမှုရေးအသင်းတွေက ဆေးဝန်ထမ်းတွေအပါအဝင် ဆေးပစ္စည်းတွေလည်း လာပြီးကူညီထားပါတယ်။ ဒေသတွင်း ကုန်စည်စီးဆင်းမှု မပြတ်တောက်အောင်တော့ သတ်မှတ်ချက်တွေနဲ့ ကုန်သွယ်ရေးတွေ ခွင့်ပြုထားတာရှိပါတယ်။’’
ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း အထူးဒေသ ၄ မိုင်းလားမှာ ရောဂါကူးစက်ခံထားရတဲ့သူတွေရှိတဲ့အတွက် မိုင်းလားဒေသဝင်ပေါက်အားလုံးကို ပိတ်ထားပြီး စားသောက်ဆိုင်တွေအပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်ထားတယ်လို့ သိရပါတယ်။
မိုင်းလားဒေသကိုတော့ မယ်ခေါင်မြစ်ဝင်ပေါက်ဖြစ်တဲ့ ဆွတ်လွှေဆိပ်ကမ်း၊ မိုင်းယုတံတားနဲ့ မိုင်းယောင်း၊ အထူးဒေသ ၂ နဲ့ ထိစပ်နေတဲ့ ဝင်ပေါက်တွေကိုလည်း ရက်အကန့်အသတ်နဲ့ လူသွားလာမှုတွေကို ပိတ်ထားတာပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံမြို့တွေကို ခရီးသွားလာရေးလုပ်ငန်းအတွက် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြေးဆွဲနေတာရှိပြီး ဒေသတွင်း ခရီးသွားလာရေးအတွက်ကတော့ ကန့်သတ်ချက်တွေရှိနေတဲ့အပြင် အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ ကတော့ ဒေသတွင်း ဝင်ရောက်ခွင့်ကို လုံးဝပိတ်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုဇက်