ကိုဗစ်-၁၉ ကူးစက်မှု တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထိုင်းဝန်ကြီးချုပ် အပြစ်တင်

285
လတ်တလောရက်ပိုင်းအတွင်း နိုင်ငံထဲမှာ လူအယောက် ၁,၀၀၀ ကျော် ကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက အပြစ်တင်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်က ရုပ်သံကနေ ပြောတဲ့မိန့်ခွန်းအတွင်း ပရာယွတ်သ်က စမွတ်စာခွန် ခရိုင်မှာ နောက်ဆုံးကူးစက်မှုဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် အဓိကပဲလို့ ပြောပါတယ်။
မြို့တော် ဘန်ကောက်နားက ပင်လယ်စာဈေးကြီးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အများစုပါတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို လတ်တလော ရက်တွေအတွင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကြေညာထားတာပါ။
ဝန်ကြီးချုပ်ဟာ ဒီသီတင်းပတ်ထဲမှာ ကိုဗစ်-၁၉ အထူးလုပ်ငန်းအဖွဲ့နဲ့ တွေ့ဆုံပြီး ဖြစ်ထွန်းနေတဲ့ အခြေအနေအတွက် သင့်တော်တဲ့ ထပ်တိုးစည်းမျဥ်းတွေ ချမှတ်ရေး ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
အင်္ဂါနေ့မှာ ကျန်းမာရေးအရာရှိတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူသစ် ၄၂၇ ယောက်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ကူးစက်ခံ ၃၉၇ ယောက်ကတော့ မြန်မာနိုင်ငံက လူများစုဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီး ပင်လယ်စာလုပ်ငန်းအတွက် အဓိကလုပ်သားရင်းမြစ်ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံတွင်း တိုင်းပေါင်း ၇၇ တိုင်းထဲက လေးပုံတပုံကနေ စမွတ်စာခွန်ခရိုင်ထဲက ပင်လယ်ထွက်ပစ္စည်းရောင်းတဲ့ ဈေးကြီးကို သွားရောက်ခဲ့တဲ့ လူ ၁,၀၀၀ လောက်ကို အာဏာပိုင်တွေဆီ သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။
တလာ့တ်ကွန်း ပုစွန်ဈေးက စတင်ကူးစက်ခဲ့တာ စုစုပေါင်း အယောက် ၁,၀၀၀ ကျော်ကို ရှိပြီလို့ သိရပါတယ်။
ဒီဈေးဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးပင်လယ်စာ ဖြန့်ဖြူးတဲ့ ဈေးတွေထဲက တခုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဘုရင့်သြဇာကို ကန့်သတ်ရေး၊ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒပြနေတာ ဇူလိုင်လကတည်းပါ။
ခုတော့ ဘုရင်ကို ဝေဖန်ဆန္ဒပြမှု ပိုပြင်းထန်လာချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဆန္ဒပြပွဲတွေနဲ့အတူ ရှိနေနိုင်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို အာရုံလွှဲတာ ရှိလာနိုင်တယ်လို့ ထိုင်းနဲ့ နိုင်ငံတကာ မီဒီယာတွေ၊ လူမှုကွန်ရက် ဖိုရမ်တွေကြားမှာ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စာရင်းအင်းတွေအရ ထိုင်းနိုင်ငံအတွင်း တရားဝင် ရွှေ့ပြောင်းမြန်မာလုပ်သား ၃ သန်းကျော် ရှိနေပြီး လောလောဆယ်တချို့ နေရာတွေမှာ မြန်မာလုပ်သားတွေအပေါ် ဒေသခံ ထိုင်းတချို့ရဲ့ အမြင်တွေ ပြောင်းနေတယ်လို့လည်း ရွှေ့ပြောင်းလုပ်သားတချို့က ပြောဆိုရင်း စိုးရိမ်ပူပန်နေကြပါတယ်။