ပီပီချီဆုတွေထက် လာလီဂါဖလားကို ပိုလိုချင်ပါတယ် – မက်ဆီ

စံချိန်တင် ၇ ကြိမ်မြောက် ပီပီချီဆုကို တနင်္လာနေ့မှာ ရရှိခဲ့ပေမယ့် ဒီဆုကို ၈ ကြိမ်မြောက် ရရှိဖို့ဆိုတာထက် လာလီဂါဖလားကိုသာ နောက်တစ်ကြိမ် ထပ်လိုချင်တယ်လို့ ဘာကာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောပါတယ်။ စပိန်လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားကို နှစ်စဉ် ပီပီချီဆုချီးမြှင့်လေ့ရှိတာပါ။ ရီးရဲလ်အအသင်းမှာ ရော်နယ်ဒို ရှိစဉ်တုန်းက ဒီဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရကြပါတယ်။ ဒါပေမဲ့ ၂၀၁၈ မှာ ဂျူဗင်တပ်စ်ကို ရော်နယ်ဒို ရောက်ရှိသွားပြီးကတည်းက မက်ဆီကပဲ ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာ သွင်းဂိုး ၃၃ ဂိုးနဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တာပါ။ ၇ ကြိမ်မြောက်ရရှိခြင်းကြောင့် မက်ဆီဟာ ပီပီချီဆုသမိုင်းတလျှောက် အကြိမ်ရေ အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပေမဲ့ သူ့ရဲ့သွင်းဂိုးတွေက အသင်းကို ချန်ပီယံဖြစ်အောင် မကူညီပေးနိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ မက်ဆီဟာ ဒီရာသီမှာလည်း ဘာကာအသင်းအတွက် လာလီဂါသွင်းဂိုး ၆ ဂိုးရရှိထားပြီး ၈ ကြိမ်မြောက် ပီပီချီဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေပေမယ့် အာဂျင်တီးနား ကစားသမားကတော့ တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းလိုက် အောင်မြင်မှုကို ပိုလိုချင်တယ်လို့ ပြောပါတယ်။ မက်ဆီက “၈ ကြိမ်မြောက်ပီပီချီလား၊ ကျနော် မသိဘူးဗျ။ ဒါမှမဟုတ် မစဉ်းစားတာလား မသိပါဘူး။ ဒါဟာ ကျနော် မရမှာ စိုးရိမ်နေတဲ့အရာ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ပြောရရင် လာလီဂါဆုဖလား ရရှိပြီးမှ ပီပီချီဆုကို ပိုလိုချင်ပါတယ်။ ကျနော်တို့ ဖြည်းဖြည်းမှန်မှန် တိုးတက်လာနေပါတယ်။ ကျနော်တို့ ဒီရာသီမှာ ရုန်းကန်နေရပါတယ်။ ဒါမှမဟုတ် ကျနော်တို့ အမှတ်မလျော့သင့်တဲ့ပွဲတွေမှာ အမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အလာဗတ်စ်၊ ဂီတာဖေးနဲ့ ရီးရဲလ်မက်ဒရစ်တို့နဲ့ ပွဲတွေမှာပေါ့။ ကျနော်တို့ ရလဒ်ကို ပြောင်းလဲပစ်နိုင်တဲ့အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်ပေးဇယားထိပ်ကို ပြန်လည်ရောက်ရှိဖို့ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုပါတယ်” လို့ ပြောပါတယ်။ မက်ဆီရဲ့ ဒီရာသီ လာလီဂါသွင်းဂိုး ၆ ဂိုးထဲမှာ အိုဆာဆူနာနဲ့ပွဲက သွင်းဂိုးက အမှတ်ရစရာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာကာအသင်းခေါင်းဆောင်ဟာ ဒီပွဲရဲ့ စတုတ္တမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး မာရာဒိုနာကို ရည်စူးထားတဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းရဲ့ ရှပ်အင်္ကျီကို လှစ်ဟပြသကာ တနိုင်ငံတည်းသား ဘောလုံးသူရဲကောင်းအတွက် အောင်ပွဲခံသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up