သူပုန်စာရေးဆရာကြီး ငွေလင်း (ဆောင်းပါး)

“စာရေးဆရာငွေလင်း” “ဝါးကြီးအိုင်သူပုန်”၊ “ဤယမုံ” သူပုန်ရာဇဝင်၊ သူစာတင်ပေး ဝတ္ထုရေးသူ၊ “ပင်းမြို့သူ” “မြို့လုလင်မှပုန်ကန်ခြင်း” “ရန်ကုန်စစ်တလင်း”၊ ငွေလင်း မည်ခေါ် စာဆိုကျော်ကား၊ ထွက်ခွာသွားခဲ့ သုံးဆယ့်တနှစ် ကြာခဲ့ပြီ။ ။  -မောင်တူး   စာရေးဆရာကြီးငွေလင်းအကြောင်း အမျိုးသားစာပေဆုနဲ့ ရှုမဝတထောင်ဆုရ စာရေးဆရာကြီး ငွေလင်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးချိုရွာ (မလိခက နတ်မောက်မြို့နယ် ဂွေးချိုရွာ၊ ရှုမဝ စာတည်းအဖွဲ့က နတ်မောက်မြို့နယ် ရှောက်ပင်ရွာ လို့ ဖော်ပြကြတယ်။) စာရေးဆရာ ငွေလင်းကို ၁၉၁၂ ခု ဇွန် ၁၈ က ဦးကြည်သာ၊ ဒေါ်သိုင်းတို့က မွေးတယ်။ နာမည်ရင်း ဦးစိန်ခို ဖြစ်တယ်။ ငယ်စဉ် နတ်မောက် မြို့နယ်၊ ခြောက်ပင်ခြံရွာ ဘုန်းတော်ကြီးကျောင်းမှာ သဒ္ဒါ၊ သင်္ဂြိုဟ် သင်ခဲ့ပြီး တောင်တွင်းကြီးမြို့ ဆရာတော် ဦးဥက္ကဋ္ဌရဲ့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းမှာ ဆက်တက်ပြီး ခုနစ်တန်း အောင်တယ်။ ငွေလင်းဟာ ၁၉၃၄ က စာစရေးခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ဈေးနှုန်းသတင်းစာက ကြီးပွားချမ်းသာရေးခေါင်းစဉ်နဲ့ ဆောင်းပါးပြိုင်ပွဲလုပ်လို့ ငွေလင်း ဝင်ပြိုင်ပြီး ဆုရတယ်။ ငွေလင်းဟာ ၁၉၃၅ ခုနှစ်ကစ ရန်ကုန်ပြောင်းလာတယ်။ ကလောင်အမည်ကို “တောင်တွင်းကြီးသတိုးစိန်” လို့သုံးတယ်။ “ရွှေတွင်းစိန်” အမည်နဲ့လည်း ၁၉၃၆-၃၇ က ဒီးဒုတ်ဂျာနယ်မှာ ဝတ္ထုတို သုံး လေးပုဒ် ရေးဖူးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ဗမာ့တပ်မတော် စဖွဲ့အပြီး ငွေလင်းဟာ တပ်မတော်ထဲ ဝင်ခဲ့တယ်။ ရခိုင်ပြည်နယ်နဲ့ အထက်ဗမာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်း တပ်ကနေ ထွက်ပြီး ဂျပန်ခေတ် ရန်ကုန်ခရိုင် အရေးပိုင်ရုံးမှာလုပ်တယ်။ ၁၉၅၃ ခု “ဤယမုန်” ဝတ္ထုနဲ့ ရှုမဝတထောင်ဆုကို ပထမဆုံး ရရှိခဲ့တာပါ။ “ဤယမုန်”ဝတ္ထုမှာ “ငွေလင်း” ကလောင် ကို စသုံးစွဲတယ်။ “ဤ ယမုန်”ကို ၁၉၅၁ က ပျို့မောင်ကြီးအမည်နဲ့ စရေးတယ်။ သခင်ဘသောင်း၊ ရွှေဒုံးဘီအောင်၊ တက်တိုး တို့ကို ပေးဖတ်ပြီး ဝေဖန်စေခဲ့တယ်။ ဝတ္ထုကို စာအုပ်ထုတ်ဖို့မှာ ကလောင်သစ်ဖြစ်လို့ ထုတ်ဝေသူ မရှိခဲ့ပါ။ ရှုမဝတထောင်ဆု ပေါ်လာတဲ့အခါ ဆုရွေးချယ်ရေးအဖွဲ့ စာမျက်နှာသတ်မှတ်ချက်နဲ့ ညီအောင် ဖြည့်ရေးပြီး နာမည်ကိုလဲ “ဤယမုန်”လို့ ပြောင်းခဲ့တယ်။ ငွေလင်းရဲ့ ဤယမုန် ကို ရုပ်ရှင်ရိုက်ခဲ့တယ်။ သူဟာ ၁၉၅၃ ခုနှစ်ကစ အိုးဝေ သတင်းစာ၊ ယဉ်ကျေးမှုစာစောင်၊ ပေဖူးလွှာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်းနဲ့ သင့်ဘဝမဂ္ဂဇင်းတို့မှာ အယ်ဒီတာလုပ်ခဲ့တယ်။ ၁၉၆၅ မှာ “ပင်းမြို့သူ”ဝတ္ထုနဲ့ အမျိုးသားစာပေ ဝတ္ထုရှည် တတိယဆု ရခဲ့တယ်။ ငွေလင်းဟာ နယ်ချဲ့ဆန့်ကျင်ရေး သူပုန်ဝတ္ထုတွေကို ရေးခဲ့တယ်။ “မြို့လုလင်မှပုန်ကန်ခြင်း ”(၁၉၆၆)၊ “ရန်ကုန်စစ်တလင်း”(၁၉၆၈)နဲ့“သူရဲတစ်ထောင်”၊“ဝါးကြီးအိုင်သူပုန်” (၁၉၇၄) စတဲ့ ဝတ္ထုတွေပါ။ ငွေလင်းဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာပါခဲ့လို့  လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ရခဲ့သေးတယ်။ ၁၉၈၉ ဒီဇင်ဘာလ ၂၂ ရက်က သူဟာ ရန်ကုန်မှာ ကွယ်လွန်တယ်။ အုတ်နံရံကို ခေါင်းဖြင့်တိုက်၍ မပြိုပျက်နိုင်မှန်းသိပါသည်။ သို့သော် ဦးခေါင်းများနှင့် တိုက်ပါများလျှင်၊ ဦးခေါင်းတွေ အဆမတန် ပေါင်းရုံးပြီး စု၍တိုက်လျှင် ထိုအုတ်နံရံကြီး မပြိုနိုင် မပျက်စီးနိုင်ဟု ဘယ်သူပြောနိုင်မည်နည်း။ (စာရေးဆရာငွေလင်း) 1912-1989 Dec 22 ဝါးကြီးအိုင်သူပုန် ဝတ္တုမှ   “ငွေလင်းရဲ့ ထင်ရှားသောစာအုပ်အချို့” စာရေးဆရာကြီးငွေလင်း (၁၉၁၂-၁၉၈၉) ဟာ နယ်ချဲ့ကုလားဖြူ အင်္ဂလိပ်ကို သူပုန်ထခဲ့တဲ့ နတ်မောက်နယ်အခြေပြု ဗိုလ်မင်းရောင် ဦးစီးတဲ့ ဗြိတိသျှတို့ကို ပြန်လည်တိုက်ခိုက်တွန်းလှန်တဲ့ ‘မြို့လုလင်မှ ပုန်ကန်ခြင်း’ စာအုပ်ကိုရေးခဲ့သူလည်း ဖြစ်တယ်။ ဒီဝတ္ထုဟာ လူကြိုက်များပြီး အောင်မြင်ထင်ရှားတဲ့ဝတ္ထုပါ။ သူ့ရဲ့ ထင်ရှားတဲ့စာအုပ်တွေကို သိမီသလောက် ဖော်ပြပါမယ်။ ၁။ ပင်းမြို့သူ(အမျိုးသားစာပေဆုရ) ၂။ မြို့လုလင်မှပုန်ကန်ခြင်း ၃။ သူရဲတစ်ထောင် ၄။ ဤယမုံ(ရှုမဝထောင်ဆုရ) ၅။ မြင်လှဲ့ပါကြင်ဖော် ၆။ ရန်ကုန်စစ်တလင်း ၇။ စားသုံးဆီ ၈။ သည်မိုးနှင့် သည်မြေ အညာဓလေ့ ဝတ္ထုတိုများ ၉။ ရင်ခတ်မြိုင် ၁၀။ မင်းကြီးရွှေလရောင် “သည်မိုး နှင့် သည်မြေ အညာဓလေ့ ဝတ္ထုတိုများ” စာရေးဆရာကြီးငွေလင်းရဲ့ ဝတ္ထုတိုစုစည်းမှု ပထမဆုံးစာအုပ် ဖြစ်တယ်။ ငွေလင်းဟာ ရသဝတ္ထုအရေးအဖွဲ့ ပြောင်မြောက်လှသူ ဖြစ်တယ်။ သူဟာ ဝတ္ထုတိုတွေကိုလည်း ၁၉၅၀ -၆၀ ဝန်းကျင်တစ်ဝိုက် မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။ ဒါတွေကို အခုအခါ ရာပြည့် စာအုပ်တိုက်က လုံးချင်းစာအုပ်အဖြစ် တစုတစည်းတည်း ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့တာပေါ့။ စုစုပေါင်းဝတ္ထု ၂၂ ပုဒ်ပါတယ်။ စာအုပ်မှာ အညာသားတဦးရဲ့ လေသံဟန်ပန်၊ အညာသားစရိုက်၊ အညာဓလေ့ထုံးစံ၊ အညာရနံ့ အငွေ့အသက်နဲ့ အညာရှုခင်းတွေကို ဖတ်သူ မြင်ကွင်းထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လာအောင် ခြယ်မှုန်းထားလို့ အညာဒေသ လွမ်းဆွတ် နေသူတွေ၊ အညာအစားအစာနဲ့ ရိုးရာဓလေ့ထုံးတမ်းလေးတွေကို သတိရအောက်မေ့နေသူတွေ အလွမ်းပြေဖတ်ရှု ခံစားနိုင်တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲက “အမေကြီး”  ဝတ္ထုက စာသားကလေးတွေကို ဖတ်ကြည့်ကြပါဦးဗျာ။ “အမေကြီး ချက်လေ့ချက်ထရှိသော ဟင်းများမှာ ဆန်စေ့ဟင်းချို၊ ပဲစေ့အမျိုးမျိုးဟင်းချို၊ ပဲအမျိုးမျိုးကို လူတိုင်း ချက်တတ်ကြပေသည့် ဆန်ဟင်းချိုကို ငါးရံ့ဆန်ပြုတ် ပြုတ်နည်းထက်ပို၍ လူတိုင်းချက်တတ်လိမ့်မည် မထင်။ ငါးပိ မပါ၊ ငံပြာရည်မပါ၊ အမဲသား၊ ငါးမပါပဲဖြင့် စားကောင်းနိုင်သည်။ ဆန်ကို နူးနေအောင် ကြာကြာကြီးပြုတ်သည်။ ထို ဆန်နှင့် တပါတည်း ချင်းကလေးနည်းနည်း၊ ကြက်သွန်ဖြူကလေးနည်းနည်းအပြင် မြေပဲစေ့သော်လည်းကောင်း၊ နှမ်းစေ့သော်လည်းကောင်း ထောင်းထည့်သည်။ ဆားသင့်အောင်ခတ်သည်။ ပြီး ကြက်သွန်နီဆီချက် ကလေး နည်း နည်း ထည့်သောက်သည်။ အလွန်ဆိမ့်၊ အလွန်ချိုသည်။အမေကြီးကမူ ဆီကျက်ကို နှမြော၍ ခတ်ချင်မှခတ်မည်။ ဂုံ ရွက်ချိန်တွင် ဂုံရွက်အတန်ငယ်ခတ်သည်။ ငါးလျှာရွက်ကိုလည်း ခတ်သည်။ ခရမ်းချဉ်သီးကို မီးဖုတ်ကာ ချင်း၊ ကြက် သွန်ဖြူ၊ ငရုတ်သီးတို့ဖြင့် ရောထောင်းပြီး ဆီဆမ်းသည်။ ခရမ်းသီးကိုလည်း မီးဖုတ်လျက် ကြက်သွန်ဥကြီးဖြင့် သုတ် သည်။ ဆီစိမ်းဆမ်းသည်။ နှမ်းဖတ်ခဲမီးဖုတ်နှင့် ဖန်ခါးသီးဖြင့်လည်းကောင်း၊ ဆီးဖြူသီးဖြင့်လည်းကောင်း ထောင်းကာ ဆီစိမ်းဆမ်းစားသည်။ နှမ်းဖတ်ခဲမလွယ်လျှင် မြေပဲလှော်နှင့်လည်း ထောင်းသည်။” “သည်မိုးနှင့်သည်မြေ အညာဓလေ့ဆောင်းပါးများ” စာအုပ်ကို ရာပြည့်စာအုပ်တိုက်က ထုတ်ပါတယ်။ ငွေလင်းဟာ အရေးအသားကောင်းလှတယ်။ တောအလှ၊ တောင်အလှ ရှု့ခင်း၊ မြင်ကွင်း သရုပ်ပုံတွေကို ထင်းနေအောင် ရေးတတ်တယ်။ ဒီစာအုပ်ပါ “အမေကြီး” ဝတ္ထုတိုက စာသားကလေးတွေကို ထပ်ပြီး ဖတ်ကြည့်ကြပါဦးဗျာ။ “အမေကြီးသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချရုံမျှမက အလုပ်မျိုးစုံ လုပ်သည်။ လက်မှုပညာလည်း တတ် သည်။ ဖျာ ရက်တတ်သည်။ တောင်းရက်တတ်သည်။ ဖာရက်တတ်သည်။ ပခြုပ်ရက်တတ်သည်။ ပခြုပ်တွင် ရိုးရိုး မဟုတ် ကွမ်းအစ်အံများကို အံအမျိုးမျိုးပါအောင် ရက်တတ်သည်။ ဝါးနုချောကလေးများဖြင့် ရက်ထားသော ရှမ်း ပလိုင်း၊ ရှမ်းပခြုပ်လေးများလို အလွန်လှသည်။ သစ်စေးများ သုတ်ထားလျှင် တစ်သက်ပတ်လုံး ကိုင်နိုင်သည်။” “ငွေလင်း၏ ဝါးကြီးအိုင်သူပုန် ဝတ္ထု” ကိုးခုကိုးခု တယုယု ဆယ်ခုမှာဆူ မီးလိုပူမတဲ့။ ။ ဆိုတဲ့ “တဘောင်” ပေါ်လာတယ်။ ဆယ်ခုဆိုတာက ၁၂၉၀ ခုနှစ်ပေါ့။ ခုနက တဘောင်စကားနဲ့အညီ ဗမာသက္ကရာဇ် ၁၂၉၀ ခုနှစ် ခရစ်နှစ် ၁၉၂၈ ခုနှစ်လောက်ဆီက မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဝါးကြီးအိုင်ရွာမှာ သဿမေဓ အခွန်မပေးရေး အပါအ ဝင် အင်္ဂလိပ်အစိုးရရဲ့ အထွေထွေဖိနှိပ်မှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး သူပုန်ထခဲ့ကြတာပါ။ ကွမ်းထမ်းသမား၊ ယာသမားလည်း ဖြစ်ခဲ့တဲ့ သူပုန်တပ်သားလေး သိုက်ထွန်း၊ သူ့ ချစ်သူ ရွှေရီမတို့အပါအဝင် ကျေးရွာသားတွေဟာ ရွာသူကြီးသားအဖတို့ရဲ့ အနိုင် ကျင့် နှိပ်စက်မှု၊ အတိုးကြီးစား လယ်သိမ်း မြေသိမ်းကြွေးရှင်တွေ စစ်ပုလိပ် အရာရှိဆိုးတွေရဲ့ မတရား ဖိနှိပ်တာတွေကြောင့် ဝါးကြီးအိုင် သူပုန်ထခဲ့ကြရတဲ့အထိ ကြီးထွားလာရတဲ့ ဇာတ်လမ်းပေါ့။ “ဝါးကြီးအိုင်ရွာအင်္ဂလိပ်စစ်စခန်းသိမ်းတိုက်ပွဲ” ဝါးကြီးအိုင်တိုက်ပွဲဝတ္ထု စာမျက်နှာ ၂၅၇ -၂၅၉ မှ . . . “သိုက်ထွန်းသည် အစောင့် စန္နရီကုလားအား နောက်မှလည်ပင်းကို လက်မောင်းနှင့်ညှစ်ကာ အသင့်ပါလာသော ဓား ဖြင့် ရင်ဝသို့ ထိုးစိုက်လိုက်သည်။ တပြိုင်နက်ပင် ကိုသော်က သေနတ်ပစ်ဖောက် အချက်ပေးလိုက်ရာ အသင့်ချောင်း မြောင်း စောင့်ကြည့်နေကြသော လူအုပ်လဲ လေအအဟုန်ကဲ့သို့ လျှင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။ သူတို့လည်း အရောက် စခန်းပေါ်မှ ကုလားတွေကလည်း လူးလဲထကြနှင့် ဆုံမိပြီး ထိုးကြ ခုတ်ကြ ပါးစပ်မှ ငြာသံပေးကြနှင့် အခြေအနေမှာ တခဲနက် ဆူညံသွားပါသည်။ ခုတ်ကြဟ။ ထိုးကြဟ။ အင်္ဂလိပ်ကျွန်တွေကို အသေသတ်ပစ်။ တယောက်မှ မချန်နဲ့။ ပစ်လိုက်စမ်း နင်တို့သေနတ်။ နင်တို့သေနတ်လောက်တော့ ဒါထင်တယ်ဟ။ ဟိုမှာ ဗိုလ်ဆင်းပြေးပြီ။ လိုက်ကြဟ။ သေနတ်သံ၊ အော်သံ၊ ဆဲသံ၊ ခုတ်သံ၊ ထစ်သံများသည် ဝါးကြီးအိုင်တရွာလုံးမက တဖက်ကမ်းရှိ မန်ကျည်းတန်းရွာမှ လည်းကောင်း၊ အခြား ရွာနီးချုပ်စပ်များမှလည်းကောင်း ကြားနိုင်သည်ဖြစ်ရာ ကြောက်တတ်သူများဖြစ်လျှင် အသံ ကြားယုံမျှနှင့် ဖိန့်ဖိန့်တုန်နေလိမ့်မည်ထင်သည်။ ကုလားများလဲ သေသူသေ၊ မသေသူများက ထွက်ပြေးကုန်ကြ သည်။ အချို့က ပြေးရင်းမှ သေနတ်များနှင့် ပြန်လှန်ပစ်ခတ်ကြသည်။ သူပုန်တပ်သားများဖက်မှလဲ သေသူရော ဒဏ်ရာရသူပါ အတော်များများ ရှိသည်။ စာရင်းချုပ်ကြည့်လိုက်သောအခါ ကုလားအလောင်း ၁၀ လောင်း ရရှိသည်။ အချို့ကုလားများ ဒဏ်ရာနှင့် ထွက်ပြေးရာတွင် ပါသွားပါသည်။ အချို့ ဒဏ်ရာရနေသော ကုလားများကို ခုတ်သတ်ကြသည်။ သူပုန်ဖက်မှ ငါးယောက်ကျသည်။ ငါးယောက်ခန့်ဒဏ်ရာရသည်။” ဝါးကြီးအိုင်တိုက်ပွဲဝတ္ထု စာမျက်နှာ ၂၅၇ -၂၅၉ မှ စာရေးဆရာကြီး ငွေလင်းရဲ့ လက်ရာ ရေးသားချက်ပါ။ သူပုန် ၇၀ လောက်ဟာ သေနတ် အနည်းငယ်၊ ဓား လှံတွေနဲ့ နယ်ချဲ့တွေကို တိုက်ခဲ့ကြတာပါ။ ဗြိတိသျှနေမဝင်အင်ပါယာကို ရွာလေး တရွာက အံတု သူပုန်ထခဲ့တယ်။ အုတ်နံရံကို ခေါင်းဖြင့်တိုက်လို့ မပြိုပျက်နိုင်မှန်းသိပါတယ်။ ဒါပေမဲ့ ဦးခေါင်းတွေနဲ့ ဆောင့်ပါများရင်၊ ဦးခေါင်းတွေ အဆမတန် အများအပြား ပေါင်းစုရုံးပြီး အားကြီးကြီးနဲ့တိုက်ရင် အဲ့သည် အုတ်နံရံကြီး မပြိုနိုင်ဘူးလို့ ဘယ်သူပြောနိုင်မည်လဲ။ အဲ့သည် အုတ်နံရံကြီး မပျက်စီးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မည်လဲ ဆိုသလိုပါပဲ။ ဒီဝတ္တုအဆုံးမှာတော့ ဝါးကြီးအိုင်ရွာတိုက်ပွဲက စခဲ့တဲ့ သူပုန်မီးစဟာ ဆရာစံသူပုန်ကြီး ပေါ်လာယုံမက တတိုင်းပြည်လုံး အုံကြွမှုကြီးတွေအထိ ကြီးထွားလာပြီး ရဲဘော်သုံးကျိပ်တို့ ဂျပန်ပြည်ကို စစ်ပညာသင်တဲ့အထိ အောင်မြင်လာခဲ့ပါရဲ့။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ဘန်ကောက်မှာ ဗမာ့တပ်မတော်ဖွဲ့စည်းပြီးတဲ့နောက် ဗြိတိသျှနယ်ချဲ့ကို အနိုင်တိုက်နိုင်ခဲ့တဲ့အထိပါ။ “စာရေးဆရာကြီးငွေလင်း ကွယ်လွန် ၃၁ နှစ်” စာရေးဆရာကြီး ငွေလင်းအကြောင်း အဆုံးသတ်ရရင် သမိုင်းနောက်ခံ ရသဝတ္တု အရေးအသားကောင်း၊ အဖွဲ့အနွဲ့ကောင်းတဲ့ စာရေးသူ တယောက် ဖြစ်ပါတယ်။ နာမည်ရင်း ဦးစိန်ခို ခေါ် စာရေးဆရာကြီး ငွေလင်းကို ၁၉၁၂ ခု ဇွန် ၁၈ ကမွေးခဲ့လို့ အခုဆို သူ့အသက် ၁ဝ၈ နှစ် ရှိပြီပေါ့။ သူ့ရဲ့ စာအုပ်ဟောင်းတွေဟာ ရှားပါးစာအုပ်တွေ ဖြစ်လာနေပြီး ရှာလို့ မလွယ်တော့ပါ။ ဒါပေမဲ့ အခုအခါ သူ့ရဲ့စာအုပ်တချို့တွေကို ပြန်လည် ထုတ်ဝေနေကြပါတယ်။ သူဟာ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ကွယ်လွန်ခဲ့ တာမို့လဲ အခုဆို ဆရာကြီးငွေလင်း ကွယ်လွန်ခဲ့တာ ၃၁ နှစ် ရှိသွားပါပြီ။ အထက်ဗမာပြည်ဖွား အညာသား စာရေးဆရာကြီး ငွေလင်းရဲ့ စာတွေကို ဖတ်ရှုမယ်ဆိုရင်တော့ အညာရနံ့၊ အညာဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ တော်လှန် သူပုန်ထခဲ့ကြတဲ့ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းကြောင်း နောက်ခံတွေကို ပြန်လည် မြင်ယောင်ကြရမှာ ကတော့ ဧကန်မလွဲပါပဲဗျာ။ ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up