Homeမြန်မာသတင်း
အများပိုင်လမ်း ပိတ်ဆို့ထားမှုကို တရားစွဲမည်ဟု ကန်ကြီးထောင့် ကျေးရွာအုပ်ချုပ်ရေးမှူးပြော
အများပိုင်လမ်း ပိတ်ဆို့ထားမှုကို တရားစွဲမည်ဟု ကန်ကြီးထောင့် ကျေးရွာအုပ်ချုပ်ရေးမှူးပြော
DVB
·
December 23, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပေပင်ကြီးကျေးရွာမှာ ဒေသခံပြည်သူတွေ အသုံးပြုနေတဲ့လမ်းကို ပိတ်ဆို့ထားတာကြောင့် တရားစွဲဆိုသွားမယ်လို့ ကျေးရွာအုပ်ချုပ်မှူးက ပြောပါတယ်။
အများပိုင်လမ်း ပိတ်ဆို့ထားတဲ့ ကျေးရွာနေ ဦးမြင့်စိုး(ခ)ဦးစိုးတင့် ဆိုသူက ၎င်းပိုင်ဆိုင်တဲ့ ဆန်စက်ဘေးက မြစ်ဆိပ်ဆင်းတဲ့လမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ကာ ကျူးကျော်ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရေး အခက်အခဲတွေဖြစ်ပေါ်လာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်းကြားခဲ့တာကြောင့် ခုလို စီစဉ်ရတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းက DVB ကို ပြောပါတယ်။
“ရွာသားတွေက ခုလို လမ်းပိတ်ထားတော့ အခက်အခဲရှိလို့ ကျနော့်ကို တင်ပြလာတယ်၊ အဲဒါကို ကျနော်က မြို့နယ်ကို တင်ပြတယ်၊ မြို့နယ်ကတော့ တရားစွဲဆိုပါဆိုပြီး ညွှန်ကြားထားတယ်။ ” လို့ ပြောပါတယ်။
မူလမြေပိုင်ရှင်ရဲ့ သားဖြစ်သူ ဦးဌေးက “ကျနော်တို့ မမွေးခင်ကတည်း ဒီလမ်းက ရှိခဲ့တယ်ဆိုတော့ ဒီလမ်းက အများပြည်သူ သွားလာဖို့ ပြုလုပ်ထားတဲ့လမ်းလို့ ထင်သလို လမ်းအတွက် ဒေသခံပြည်သူတွေက အရင်က လှူဒါန်းပေးတာမျိုးတွေလည်း ရှိတယ်။ မိဘတွေ ရရှိစဉ်ကတည်းက ဒီလမ်းဟာ အများပြည်သူပိုင်လမ်း ဖြစ်တာကြောင့် ပြန်လည်ရောင်းချတဲ့ အချိန်မှာလည်း ထည့်သွင်းရောင်းချတာမျိုး မရှိခဲ့ဘူး။ စရောင်းတဲ့အချိန်ကတည်းက အိမ်ယာမြေပဲ ရောင်းခဲ့တာ။ လမ်းက လမ်းအတိုင်း ရှိပါတယ်။ ကျန်ခဲ့တဲ့လကစပြီး ခုလိုပြဿနာတွေ ဖြစ်လာတာ။ ဒီလမ်းက ကျနော့်မိဘတွေ ပိုင်ဆိုင်တယ်လို့ ပြောတာမျိုးလည်း မရှိပါဘူး ”လို့ DVB ကို ပြောပါတယ်။
ကျေးရွာနေပြည်သူတွေ အသုံးပြုနေတဲ့လမ်းကို ခုလို ပိတ်ထားလိုက်တော့ လယ်သမားတွေ စပါး အတင်အချ ပြုလုပ်တာတွေ၊ ဈေးရောင်း ဈေးဝယ်သွားဖို့ တံတားဆင်းတာတွေနဲ့ ဒေသခံ ပြည်သူတွေ သွားလာချိန်မှာ အခက်အခဲတွေ ရှိလာလို့ ပိတ်ထားတဲ့ လမ်းကို ပြန်လည်ဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)