ကူးစက်နှုန်း လျော့နည်းလာသော်လည်း အောက်ဆီဂျင်လိုအပ်သည့်လူနာ ပိုများလာ
DVB
·
December 23, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနှုန်း လျော့နည်းနေပေမယ့် ဆေးရုံကို ရောက်လာတဲ့ လူနာတွေထဲ အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေ ပိုများနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး ပြည်တွင်း ကိုဗစ်ကူးစက်မှုနှုန်းက တစ်ရက်ကို ၄ ရာခိုင်နှုန်းအထိ ၃ ရက်ဆက်တိုက် ကျဆင်းနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကုသရေးဆေးရုံကြီးတွေမှာ ကုသပေးနေတဲ့ ကိုဗစ်အတည်ပြုလူနာတွေထဲ အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေ များလာတဲ့အတွက် အောက်ဆီဂျင်ရှူနိုင်တဲ့ Wall Point ပြင်ဆင်နေပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောက်ဆီဂျင်ရှုနိုင်တဲ့ Wall Point ၅၀၀ အထိ ပြင်ဆင်ထားရှိပြီး ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော် လက်ခံကုသပေးနေပါတယ်။
ကိုဗစ်ပြင်းထန်လူနာတစ်ဦးလျှင် တစ်ရက်ကို အောက်ဆီဂျင်အိုး နှစ်လုံးမှ လေးလုံးအထိ အသုံးပြုရပြီး ဆေးရုံရောက်လာတဲ့ ကိုဗစ်လူနာအတော်များများမှာ အောက်ဆီဂျင် အသုံးပြုဖို့ လိုအပ်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်တာဝန်ခံ ပါမောက္ခ ဒေါက်တာမော်မော်ဦး ပြောပါတယ်။
လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှတော့ ကိုဗစ်-၁၉ တည်ပြုလူနာ လူနာ ၅၀ ကျော်ကို လက်ခံကုသပေးနေပြီး ဒီထဲက လူနာ ၃၃ ဦးကိုတော့ အောက်ဆီဂျင်ပေးထားရပါတယ်။
အရင်ကဆိုရင် တစ်နေ့ကို အောက်ဆီဂျင် အလုံး ၂၀၀ လောက် ကုန်ကျနေပြီး အခုဆိုရင် လူနာအရေအတွက် ကျဆင်းလာတာကြောင့် အောက်ဆီဂျင် အလုံး ၅၀ လောက် ကုန်ကျနေတယ်လို့ ဆိုပါတယ်။
လက်ရှိတော့ ဆေးရုံမှာ ခုတင် ၁၀၀ ဆံ့ အောက်ဆီဂျင် Tents တွေ ပြင်ဆင်ထားပြီး အောက်ဆီဂျင်ပေါက်ကွဲမှု မဖြစ်ပွားအောင် မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောက်ဆီဂျင် တပ်ဆင်ထားတဲ့ ကြပ်မတ်ဆောင် (HDU) ခုတင်ဆံ့ ၃၀၀၊ ရန်ကုန်အနောက်ပိုင်းဆေးရုံမှာ ခုတင် ၁၀၀၊ အရှေ့ပိုင်းဆေးရုံမှာ ခုတင် ၁၀၀၊ ကမ္ဘာအေး ဇီဝိတဒါန သံဃာဆေးရုံမှာ ခုတင် ၄၀၊ မြောက်ဥက္ကလာပဆေးရုံမှာ ခုတင် ၂၀၀ ဆံ့ အရေးပေါ်ဌာနတွေ တိုးချဲ့ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ပြောဆိုထားပါတယ်။
သတင်း - နန့်ခိုင်