ရွှေအောင်သာရွာကို မင်းတပ်မြို့နယ်ထဲ ပြန်ထည့်ပေးရန် ဆန္ဒဖော်ထုတ်
DVB
·
December 22, 2020
ချင်းပြည်နယ်နဲ့ မကွေးတိုင်းကြားက ရွာတရွာကို ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲ ပြန်ထည့်ပေးဖို့ ဒီနေ့ မင်းတပ်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မင်းတပ်မြို့နယ်ထဲက ရွှေအောင်သာရွာကို မကွေးတိုင်း ထီးလင်းထဲမှာ ထည့်လိုက်တာကြောင့် ဒေသခံနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြရာမှာ ပါဝင်သူ ဂျမဒါဆလိုင်းက “ဦးဝမ္မသူးမောင်းပန်းခြံကနေ ကန်ပတ်လက်လမ်းခွဲအထိ၊ ပြီးတော့ မြို့ထဲမှာ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ လမ်းလျှောက်ဆန္ဒပြပါတယ်။ အကြောင်းကြားခွင့်ပြုချက်ယူထားပါတယ်” လို့ ပြောပါတယ်။
ဒီရွာဟာ မူလက မင်းတပ်မြို့နယ် လှေ့ချမ်းကျေးရွာအုပ်စုမှာ ပါခဲ့တာကြောင့် အရင်အတိုင်း ပြန်သတ်မှတ်ပေးဖို့၊ ထီးလင်းမြို့နယ်မှာ လုံးဝ မထည့်ဖို့၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တို့အကြား နယ်နမိတ်တွေကို မူလအတိုင်းပြန်သတ်မှတ်ပေးဖို့ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်လှည့်လည်ခဲ့ကြတာပါ။
ဒီရွာမှာနေသူအားလုံးနီးပါးဟာ ချင်းလူမျိုးတွေဖြစ်ပြီး လက်ရှိမှာလည်း ပညာရေး ကျန်းမာရေး ကိစ္စတွေကို ချင်းပြည်နယ်ကပဲ ကိုင်တွယ်နေတာလို့ မင်းတပ်မြို့ အရပ်ဘက် အဖွဲ့အစည်းက ဆလိုင်းဘွေထန်းခယ်င်က ပြောပါတယ်။
“ဒီရွာကလူတွေအားလုံးရဲ့ နိုင်ငံသားစိစစ်ရေးကတ်က ၄ မျဉ်းစောင်း (ချင်းပြည်နယ် ကုဒ်နံပါတ်) တွေချည်းပဲ။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာမှ ထီးလင်းက မဲစာရင်းမှာပါလာတာ။ ဒါကို ရွာကလူတွေက ချင်းပြည်နယ်မှာ ထည့်ပေးဖို့ တောင်းဆိုတော့ မရဘူး။ ဒါကြောင့် ရွာကလူတွေ ဒီရွေးကောက်ပွဲမှာ မဲမထည့်ခဲ့ကြဘူး” လို့ ပြောပါတယ်။
ထီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးလွင်ဦးက ဒီရွာကို ၂၀၁၇ ခုနှစ်မှာ ပြည်ထဲရေးကနေ ထီးလင်းမြို့နယ်ထဲကို ပြောင်းထည့်လိုက်ပြီး အောင်းကျေးရွာအုပ်စုမှာ ပါတယ်လို့ ပြောပါတယ်။
ဒီလို နယ်နိမိတ် မကွဲပြားတာတွေရှိနေသလို ကျေးရွာသားတချို့ကိုလည်း မကွေးတိုင်းထဲက သစ်တောကြိုးဝိုင်းထဲ ကျူးကျော်တယ်ဆိုပြီး တရားစွဲဆိုထားတာတွေ ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒါကြောင့် မကွေးတိုင်းဘက်က နယ်နိမိတ်ကျူးကျော်တာတွေ၊ ရွှေအောင်သာရွာက ချင်းပြည်သူ လူထုရဲ့ အိမ်တွေကို ဖျက်ဆီးဖို့ အမိန့်ပေးတာ၊ အပြစ်မဲ့ပြည်သူတွေကို တရားစွဲဆိုတာတွေ ချက်ချင်းရပ်ဖို့ သူတို့က တောင်းဆိုသလို ချင်းပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို နိုင်ငံတော်အစိုးရက အပြည့်အဝ ကာကွယ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။