ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် စင်ကာပူ ရရှိ
DVB
·
December 22, 2020
စင်ကာပူဟာ အမေရိကန်ကုမ္ပဏီ ဖိုက်ဇာနဲ့ ဂျာမန်ကုမ္ပဏီ ဘိုင်အိုအန်တက်ခ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာ ၂၁ ရက်မှာ လက်ခံ ရရှိခဲ့တယ်လို့ ကာကွယ်ဆေးတွေကို သယ်လာတဲ့ စင်ကာပူအဲလိုင်းက ပြောပါတယ်။
သီတင်းပတ် နှစ်ပတ်၊ သုံးပတ်အတွင်း ကာကွယ်ဆေး ထိုးပေးနိုင်တော့မယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံကနေ ကာကွယ်ဆေးတွေကို တင်လာတဲ့ စင်ကာပူအဲလိုင်း လေကြောင်းလိုင်းကတော့ ကာကွယ်ဆေး ဘယ်လောက် သယ်လာတယ်ဆိုတာ မပြောပါဘူး။
ဒီကာကွယ်ဆေးကို သုံးဖို့ စင်ကာပူအစိုးရက အရင်သီတင်းပတ်က အတည်ပြုခဲ့အပြီး ဒီကာကွယ်ဆေးကို ရလာတဲ့ ပထမဆုံး အာရှနိုင်ငံလည်း ဖြစ်လာပါတယ်။
အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် လီရှင်လွန်းကတော့ လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ နိုင်ငံအတွင်း ကာကွယ်ဆေးကို စောစောထိုးနှံခံတဲ့လူ ဖြစ်လာမယ်လို့ ပြောပါတယ်။ ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ် အသေးစိတ်ကို အာဏာပိုင်တွေက ကြေညာလိမ့်မယ်လို့ လီက ပြောပါတယ်။
စင်ကာပူဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးနှုန်းအနိမ့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။
အစိုးရကတော့ ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးနိုင်ငံသားတွေကို ကာကွယ်ဆေး ထိုးပေးဖို့ ပထမဆုံး ကြီးကြပ်ရေး စီစဉ်ထားပါတယ်။
စင်ကာပူဟာ လတ်တလောလတွေအတွင်း ပြည်တွင်းနေ အချင်းချင်း ဗိုင်းရပ်စ် ကူးစက်မှုအသစ် မရှိရအောင် ထိန်းထားပြီး လာမယ့်သီတင်းပတ်မှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။