လူဦးရေ ၅၀ ကျော် နေထိုင်နေသည့် ၁၂ အိမ်တန်းတွင် မြေပြိုနိုင်သည့်အန္တရာယ်ရှိနေ
DVB
·
December 21, 2020
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မြို့မအုပ်စု၊ ညောင်သုံးပင်ရပ်ကွက်က လူဦးရေ ၅၀ ကျော် နေထိုင်နေတဲ့ ၁၂ အိမ်တန်းမှာ မြေပြိုနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ နေထိုင်နေသူတွေက ပြောပါတယ်။
ညောင်သုံးပင်ရပ်ကွက်ဥက္ကဋ္ဌ ဦးအိုက်လင်က “အခု နေထိုင်တဲ့နေရာက မြေတဖြည်းဖြည်းပြိုနေတာ ၅ နှစ်နီးပါးရှိပြီ ဖြစ်ပြီး တစ်နှစ်ကို နည်းနည်းစီ ပြိုနေကာ အသက်အန္တရာယ်ရှိနေတာပါ။ နေအိမ် သုံးအိမ်လောက်ရဲ့ အောက်မှာတော့ အက်ကြောင်းလိုက်ပြီး ပြိုနိုင်တယ်” လို့ ပြောပါတယ်။
ဒေါ်သီတာက “တစ်နှစ်ချင်း နည်းနည်းစီ ပြိုနေတယ်။ အများကြီးပြိုတဲ့ နှစ်အိမ်ကတော့ ရွှေ့သွားပြီ။ အခု အိမ် သုံးအိမ်လောက်ထိ မိုးများရင် ပြိုနိုင်တယ်။ အရင်တခါ ပြိုတုန်းကတော့ သွားကြည့်ပေးထားတယ်။ ကမ်းပါးဖြစ်တာကြောင့် မြေပြိုတဲ့အခါ အသက်ဘေး စိုးရိမ်ရတာ ဖြစ်ပေမဲ့ သက်ဆိုင်ရာက လမ်းပဲ ရှင်းပေးတယ်” လို့ ပြောပါတယ်။
အခုလက်ရှိ နေနေတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ပြောင်းရွှေ့နေခဲ့ရတာ ဖြစ်ပြီး အရင်နေခဲ့တဲ့နေရာက ဦးပိုင်ကျောက်မျက်လုပ်ငန်းလုပ်ဖို့ ဆိုပြီး ဖယ်ပေးခဲ့ရတာလို့ သိရပါတယ်။
အခုနေရာက အသက်အန္တရာယ်ရှိနေတဲ့အပြင် အရင်နေရာကလည်း ကျောက်မျက်လုပ်ငန်း ဖက်စပ်တွေ မလုပ်တော့တာကြောင့် ပြန်နေချင်တယ်လို့ အိမ်ထောင်စုတွေကနေ တောင်းဆိုထားပါတယ်။
လူဦးရေ ၅၀ ကျော်မှာ အသက်ရွယ်ကြီးရင့်သူ၊ လေဖြတ်နေသူတွေလည်း ပါဝင်ပြီး မိုးများလို့ မြေပြိုတဲ့အခါ အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ ပြေးဖို့ မလွယ်ကူတာကြောင့် မိုးမရွာခင်မှာ အရင်နေရာကို ပြောင်းရွှေ့လိုတယ်လို့ တောင်းဆိုနေကြတာပါ။
သတင်း - ဟန်နာထက်အောင်