မှန်လုံကား ၁၀ စီးဖြင့် နေရပ်ပြန် မြန်မာလုပ်သား ၅၆ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ 

တရားဝင် ခွင့်ပြုချက်မတောင်းခံဘဲ မြန်မာနိုင်ငံပြန်ဖို့ ဘန်ကောက်ကနေ မှန်လုံကား ၁၀ စီးနဲ့လာတဲ့ မြန်မာလုပ်သား ၅၆ ဦး မဲဆောက်မြို့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်နေတဲ့ ကာလတွေအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကို ခရီးသွားလာခွင့် ခရိုင်အလိုက် ပိတ်ပင်ကန့်သတ်ထားပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ မိမိတိုင်းပြည် ပြန်လိုပါက သက်ဆိုင်ရာအလုပ်သမားသံအရာရှိတွေဆီ ကြိုတင်စာရင်းပေးပို့ပြီး တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ပြန်ကြရမှာ ဖြစ်ပါတယ်။  ဒါပေမဲ့ မိမိဘာသာ တရားမဝင်နည်းနဲ့ ဝင်ထွက်သွားလာမှုတွေ ရှိနေပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မှန်လုံကား ၁၀ စီး၊ ကိုယ်ပိုင်ကား ၁ စီး နဲ့ ဘန်ကောက်အတွင်းပိုင်းကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦးကို ခရီးသွားအထုပ်အပိုးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။  ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့နယ် မယ်ပအုပ်စုရှိ ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ခွင့်ပြုချက်မရှိဘဲ ခရီးသွား လာတဲ့ သူတို့တွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  အဆိုပါ မြန်မာတွေဟာ ဘန်ကောက်နဲ့ အနီးတဝိုက်က ပြန်လာတာဖြစ်ပြီး လတ်တလော ဆမွတ်ဆာခွန်းခရိုင်ဘက်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ ကူးစက်နေတာကြောင့် အဲဒီကနေ တိမ်းရှောင်လာသူတွေလည်း ပါဝင်နိုင်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ ခွင့်ပြုချက်မရဘဲ ခရီးသွားလာသူတွေဟာ ခရိုင်ဝန်ရဲ့ အရေးပေါ်ကြေညာချက် ဥပဒေအရကော ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေနဲ့ပါ အရေးယူခံရမှာဖြစ်ပါတယ်။  ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာတော့ မလေးရှားနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့  ချနယ်လ်-၃ ထိုင်းတီဗွီသတင်းမှာ ဆက်လက်ဖော်ပြပါတယ်။  ဆဒွန်းခရိုင် လငူးမြို့နယ် ခွန်းခန်ကျေးရွာရှိ ဆောက်လက်စ နေအိမ်တစ်လုံးထဲမှာ ဒီဇင်ဘာ ၂၀ ရက်က မသင်္ကာဖွယ်လူတွေ ရောက်ရှိနေကြောင်း ရွာသားတွေက သတင်းပေးတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့မနက်စောစောမှာ သွားရောက်စစ်ဆေးခဲ့တာပါ။  အဆိုပါ အဆောက်အဦထဲမှာ မြန်မာအမျိုးသား ၁၁ ဦး ဝင်ရောက်ခိုလှုံနေပြီး သူတို့တွေဟာ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကနေ လှေစီးပြီးတော့ ထိုင်းဘက်ကမ်းကို တောလမ်းကနေ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။ သူတို့ဟာ မလေးရှားရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေကြကာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားပြီး စားသောက်ဆိုင် ပိတ်သိမ်းသွားလို့ ၅ လလောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီးနောက် ယမန်နေ့က ထိုင်းဘက်ကို ဝင်ရောက်လာခဲ့ကြောင်း၊ ဆောက်လက်စ အိမ်တလုံးမှာ လူမရှိလို့ ခေတ္တနားခိုစဉ်  ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက သူတို့ကို ကနဦး အပူချိန်တိုင်းထားပြီး ဥပဒေအရအရေးမယူခင် ဆဒွန်းခရိုင် အားကစားရုံမှာဖွင့်ထားတဲ့ ကွာရန်တင်းစင်တာကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up