Homeမြန်မာသတင်း
မန္တလေးဆေးရုံတွင် ဆေးကုပြီးပြန်လာသည့် လာရှိုးနှင့်သီပေါကလူနာအချို့ ကိုဗစ်ရောဂါပိုးတွေ့
မန္တလေးဆေးရုံတွင် ဆေးကုပြီးပြန်လာသည့် လာရှိုးနှင့်သီပေါကလူနာအချို့ ကိုဗစ်ရောဂါပိုးတွေ့
DVB
·
December 21, 2020
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးဆေးရုံမှာ ဆေးသွားကုပြီးပြန်လာသူအချို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က လားရှိုးကနေ မန္တလေးဆေးရုံကြီးကို ကင်ဆာရောဂါ သွားရောက်ကုသပြီးနောက် Home Quarantine ထားရှိစဉ် ၃ ဦးနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က နှလုံးရောဂါ သွားရောက်ကုသခဲ့သူ ၁ ဦးတို့ ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
လားရှိုးမြို့မှာ နေအိမ်ကွာရန်တင်း ဝင်ရောက်နေကြတဲ့ အိမ်ခြေပေါင်း ၇၀၀ လောက် ရှိနေပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေက ပြန်ရောက်လာသူအများစု ဖြစ်တယ်လို့ လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
မန္တလေးမြို့ကနေ ဆေးကုပြီး ပြန်ရောက်လာတဲ့ ပိုးတွေ့လူနာတွေကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ထားရှိ ကုသပေးနေတယ်လို့ သိရပါတယ်။
သီပေါမြို့မှာလည်း အက်စီးဒင့်ကြောင့် ခါးရိုးထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေး ဆေးရုံကြီးကို သွားရောက်ကုသခဲ့ပြီးနောက် လူနာအပါအဝင် မိသားစု ၄ ယောက်ဟာ နေအိမ်အသွားအလာ ကန့်သတ်ထားစဥ်ကာလမှာပဲ ကိုဗစ်-၁၉ ပိုး တွေ့ခဲ့ပါတယ်။
နယ်စည်းမခြား လူမှုကူညီရေးအသင်းက ကိုမျိုးက “မန္တလေးကို ဆေးသွားကုရတာက ဒီမှာကုလို့မရနိုင်တဲ့ အရိုး၊ ဦးခေါင်းထိရင် ပို့ရတာ များတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၀ နေ့ တနေ့တည်းမှာ မူဆယ် ၄ ဦး၊ လားရှိုး ၁ ဦး၊ နောင်ချို ၄ ဦး၊ သီပေါ ၄ ဦး ပိုးတွေ့ခဲ့ရပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ပိုးတွေ့လူနာပေါင်း ဒီနေ့အထိ ၁၇၂ ဦး နဲ့ ဆေးရုံတက်လူနာ ၉၀ နဲ့ သေဆုံးလူနာ ၂ ဦး ရှိပါတယ်။
သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - သီပေါ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကွန်ရက်