ညောင်လေးပင် ကမ္ဘောဇဘဏ်ခွဲဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဘဏ်ကိုလော့ဒေါင်းချ
DVB
·
December 21, 2020
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် ညနေက ကမ္ဘောဇဘဏ်ဝန်ထမ်း ၁ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် ကမ္ဘောဇဘဏ် ညောင်လေးပင်ဘဏ်ခွဲကို လော့ဒေါင်းချထားတယ်လို့ မြို့နယ်ကျန်းမှာရေးဦးစီးဌာနက ပြောပါတယ်။
ညောင်လေးပင်မြို့ ကမ္ဘောဇဘဏ်က အသက် ၂၈ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး လွန်ခဲ့တဲ့ ၃ ရက်က ဖျားလို့ အပြင်ဆေးခန်းမှာ ကုသရာ မသက်သာဘဲ မြို့နယ်ဆေးရုံကို မနေ့ညက သွားရောက်ပြီး RDT Test Kid နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးကို တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေပြီ ထိတွေ့ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးကို Facility Quarantine Center ပို့ဆောင်ထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းဒန်ဦးက DVB ကို ပြောပါတယ်။
မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ညောင်လေးပင်မြို့ ကမ္ဘောဇဘဏ်ကို မနေ့ညနေက Lockdown ချထားတယ်လို့ ဆိုပါတယ်။
ပိုးတွေ့ရှိသူ အမျိုးသမီးနဲ့ ထိတွေ့ ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးအား ကျန်းမာရေးစစ်ဆေးပြီး အားလုံးရောဂါကင်းမှ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။
“ပိုးတွေ့လူနာနဲ့ ဘဏ်ဝန်ထမ်း ၂၄ ယောက်လုံးကို RDT နဲ့ စစ်မယ်။ ပြီးရင် နှာခေါင်းတို့ပတ်ယူပြီး ရန်ကုန်ကို ပို့မယ်။ အားလုံးရောဂါကင်းပြီဆိုမှသာ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်။”
ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ဒီနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၇ ဦးအထိ ရှိပါတယ်။
၁၈၂ ဦး ဆေးရုံဆင်းခွင့် ရရှိထားပြီး မြို့နယ်အတွင်းက ဆေးရုံတွေမှာ ၅ ဥွီး တက်ရောက် ကုသနေကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်