မဲဆောက်ကုန်တိုက်တခုတွင် အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီးတဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
December 21, 2020
ထိုင်း-မြန်မာနယ်စပ် မဲဆောက်က မြန်မာအမျိုးသမီးတဦးဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဆိုပါ အမျိုးသမီးဟာ ကုန်တိုက်တခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက မဲဆောက်ဆေးရုံတာဝန်ရှိသူတွေက ကုန်တိုက်ဝန်ထမ်းတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာ ခုလိုပိုးတွေ့ရှိခဲ့ရတာပါ။
လတ်တလောမှာတော့ သူနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း ကွာရန်တင်း စောင့်ကြပ်ကြည့်ရှုမှုတွေ လုပ်ဆောင်ထားပြီး အဆိုပါအမျိုးသမီးကိုတော့ မဲဆောက်ဆေးရုံဆီ ပို့ဆောင်ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
သူဟာ ကုန်တိုက်မှာ စတိုနဲ့ ငွေကိုင်ဝန်ထမ်းတဦးလည်း ဖြစ်တာမို့ သူနဲ့ထိတွေ့ခဲ့သူ ဈေးဝယ်တွေလည်း အများကြီး ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅,၂၈၉ ယောက်၊ သေဆုံးသူအယောက် ၆၀ နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူစုစုပေါင်း ၄,၀၅၃ ယောက် ရှိနေတာ ဖြစ်ပါတယ်။