A d v e r t i s e m e n t With Us

မဟာချိုင်တွင် ကိုဗစ်ကူးစက်သူ ၇၀၀ ခန့်ရှိလာ၊ မြန်မာအလုပ်သမားများအခြေအနေ မေးမြန်းချက်

ဓာတ်ပုံ-tnnthailand.com
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က ထိုင်းအမျိုးသမီး ၁ ဦးဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့နောက်ပိုင်း ထိစပ်မှုရှိသူတွေကို ဆက်လက်စစ်ဆေးနေရာမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၇၀၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ ဘာကြောင့် ကူးစက်မှု မြန်ရပါသလဲ၊ ဒီနယ်မြေထဲမှာ မြန်မာအလုပ်သမားတွေ ထောင်သောင်းမက ဝင်ရောက်လုပ်ကိုင်နေတာမို့ သူတို့အခြေအနေကကော ဘယ်လိုရှိသလဲ ဆိုတာတွေကို မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့က ဦးအောင်ကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - မင်္ဂလာပါ ဦးအောင်ကျော်ရှင့်။ မဟာချိုင် တလတ်ကုန့် (ပုစွန်ဈေး) ကြီးထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်သူ စတွေ့ပြီးတဲ့နောက် တစ်နေ့တည်းမှာ ပိုးတွေ့သူပေါင်း ၅၀၀ ကျော် ထပ်တွေ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း အများကြီးရှိတယ်ဆိုတော့ သူတို့အခြေအနေနဲ့ အခက်အခဲတွေကို ပြောပြပေးပါလားရှင့်။ ဖြေ - “ဟုတ်ကဲ့၊ မထင်မှတ်ဘဲ ၁၇ ရက်နေ့က ဆမွတ်ဆာခွန်း မဟာချိုင် ပုစွန်ရောင်းဝယ်ရေး တလတ်ကုန့်ဈေးမှာ စတွေ့တဲ့ပြဿနာက အင်မတန်ကြီးမားတဲ့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဆိုတာကိုတော့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ အဲဒီဝင်းကြီးကလည်း အဆောက်အဦတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံသားတွေ ငှားရမ်းနေထိုင်ကြတဲ့ အဆောက်အဦတွေ ဖြစ်တယ်။ အဲဒါအတွက် ပူပင်တယ်။ ကျန်တဲ့ စက်ရုံ အလုပ်ရုံ လုပ်သားတွေကျတော့ ပြီးတဲ့တဲ့မတ်လကစပြီး စက်ရုံ အလုပ်ရုံကြီးတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းစနစ်တွေ တော်တော်ချမှတ်ထားတာ တွေ့တယ်။ အဲဒါကြောင့် စက်ရုံ အလုပ်ရုံထဲက လုပ်သားတွေမှာ ကိုဗစ်-၁၉ ကူးစက်တာ လုံးဝမတွေ့ရဘူး။ လက်ရှိအနေအထားအရ တလတ်ကုန့်ဈေးက ဝင်းကြီးထဲမှာ မှီတင်းနေထိုင် သွားလာဝယ်ခြမ်း စားသောက်နေတဲ့ ဈေးကြီးထဲမှာ ဖြစ်နေတာကြောင့် အဲဒီဈေးကြီးထဲ ပါဝင်ပတ်သက်သူတွေအားလုံးကတော့ တော်တော်စိုးရိမ်စရာ ကောင်းတာပေါ့။ မနေ့ညအထိ အတည်ပြုထားတာက ၅၄၈ ဦး ဆိုပေမဲ့ ဒီနေ့ညနေ ၃ နာရီမှာ ဆမွတ်ဆာခွန်းဒုတိယခရိုင်မှူးက ကြေညာသွားတာက ထပ်စစ်လို့ ပေါ်လာတာ ၁၆၄ ဦးဆိုတော့ အခြေအနေက တော်တော်ဆိုးလာတဲ့ သဘောပေါ့။ စက်ရုံလုပ်သားတွေကတော့ သူတို့ စက်ရုံထဲမှာပဲ ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ဒီလုပ်သားတွေက မတော်လို့များ အဲဒီဈေးထဲမှာ လာပြီး ဝယ်ခြမ်းသွားတယ်ဆိုရင် ကပ်ငြိနိုင်တယ်ပေါ့ နော်။” မေး - ဟုတ်ကဲ့။ ဒီနေ့ညနေ ထပ်တွေ့တဲ့ ၁၆၄ ယောက်က ဘယ်ဧရိယာအပိုင်းမှာလဲရှင့်။ ဖြေ - “ဒီမဟာချိုင်းမှာပါပဲ။ တလတ်ကုန့်ဈေးကြီးနဲ့ ပါဝင်ပတ်သက်သူတွေပါ။” မေး - လူတိုင်းကို စစ်ပေးနေတာလား။ ဖြေ - “ဟုတ်ကဲ့။ ဆက်စပ်ခဲ့သူတိုင်းကို အခမဲ့စစ်ပေးနေတာပါ။ တနေ့ကို လူ ၂၀၀၀ ကျော် ၃၀၀၀ လောက် စစ်ပေးပါတယ်။ အရင်ကဆို ကိုယ့်ဘာသာကိုယ် သွားစစ်မယ်ဆိုရင် တယောက်ကို ဘတ် ၃၅၀၀ လောက်ကုန်ကျပါတယ်။” မေး - အဲဒီ တလတ်ကုန့် ပုစွန်ဈေးကြီးနဲ့ အနီးနားတဝိုက် အနေအထားကို နည်းနည်းပြောပြပါလား။ ဖြေ - “ဈေးကတော့ အကြီးကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ဈေးနောက်ဘက်မှာ လူနေ အဆောက်အဦတွေအ များကြီးရှိတာ။ ဈေးက ပင်လယ်ထွက်စားသောက်ကုန်ပစ္စည်းတွေ၊ ပုစွန်တွေ၊ ငါးတွေ၊ ပင်လယ်စာတွေကို အဓိက ရောင်းဝယ်ဖြန့်ဖြူးတဲ့နေရာ ဖြစ်တယ်။ ဒိုင်ကြီးလို ဖြစ်နေတာ။ ဘယ်အရပ်ဒေသကဖြစ်ဖြစ် အဲဒီမှာ လာယူကြတယ်။ မနက် ၂ နာရီလောက်ဆို ဈေးက စဖွင့်ပြီ။ အများအားဖြင့် လက်ကားရောင်းတယ်။ အဲဒီမှာ အနယ်နယ်အရပ်ရပ်ကို တဆင့် ပြန်ရောင်းမယ့်သူတွေ လာဝယ်ကြတယ်။ အဲဒါကြောင့် ဒီကနေ့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားတာ။ ဒီဈေးကြီးနဲ့ဆက်စပ်တဲ့ ကူးစက်မှုကိစ္စ အစိုးရအနေနဲ့ တော်တော်အလေးထား လုပ်ဆောင်ရမယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီဈေးကနေပြီးတော့ လတ်ဆတ်တဲ့ သားငါးတွေကို တနိုင်ငံလုံးရှိ ခရိုင်အသီးသီးကို ဖြန့်ဖြူးသွားတာ ဖြစ်တယ်။ ဒီဈေးကြီးကနေ ကျန်တဲ့ဒေသတွေကို ကူးစက်သွားနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် ဈေးကြီးနဲ့ ရောင်းဝယ် ဖောက်ကားနေသူတွေ ပတ်သက်သူတွေ အကုန်လိုက်စစ်မယ်လို့ ပြောတယ်ခင်ဗျ။” မေး - အဲဒီဈေးကြီးမှာ တနေ့ တနေ့ လူပေါင်း ဘယ်လောက် ဝင်ထွက်နေလဲရှင့်။ ဖြေ -  “ထောင်ဂဏန်းတော့ မရှိပါဘူး။ သူက ဖောက်သည်တွေကို လက်ကားပဲရောင်းနေတာ ဆိုတော့လေ။ လာဝယ်တဲ့သူတွေက ထိုင်းတွေဖြစ်ပြီး အလုပ်သမားအများစုက မြန်မာတွေပဲ။” မေး - ဒါဖြင့် မနေ့ကထိ တွေ့ရှိတဲ့ ပိုးတွေ့သူ ၅၀၀ ကျော်နဲ့ ဒီညနေ ထပ်တွေ့တဲ့ ၁၆၀ ကျော်မှာ မြန်မာအလုပ်သမားတွေ ဘယ်လောက်ပါတယ်လို့ သိရပါသလဲ။  ဖြေ - “ပိုးတွေ့သူတွေထဲမှာ သက်ဆိုင်ရာက လူမျိုးအလိုက် ခွဲခြားပြီး ပြောတာမဟုတ်လို့ အတိအကျတော့ မသိရဘူးခင်ဗျ။ ဒါပေမဲ့ မဟာချိုင်မှာ မြန်မာအများစု နေတာဆိုတော့ တော်တော်များမယ်လို့ ကျနော် ထင်တယ်။ ဈေးအနောက်ဘက်က တိုက်ခန်းတွေမှာ မြန်မာတွေချည်းပဲ။ တခြားစက်ရုံအလုပ်ရုံမှာ အလုပ်လုပ်တဲ့လူတွေလည်း အဲဒီမှာ ငှားနေ တာရှိတယ်။ အဲဒီမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေလာတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ ခင်ဗျာ။ ထိုင်းအစိုးရက အဲဒီတိုက်ခန်းက လူတွေအကုန်လုံးကို ကိုဗစ်-၁၉ စစ်ပေးနေပါတယ်။ အခမဲ့ပေါ့။” မေး - အခုလို ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်တွေ့တာ သက်ဆိုင်ရာက ညမထွက်ရ အမိန့်တွေ ချလိုက်တဲ့အပေါ် ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေ့စဉ်ဘဝ ထိခိုက်မှု သက်ရောက်မှုရှိပါသလား။  ဖြေ - ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိပါဘူး။ စက်ရုံအလုပ်ရုံလည်း မပိတ်ဘူးလေ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပိုပြီးသတိထားနေထိုင်နေကြရတာပေါ့နော် ။  မေး - အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်၊ နောက်ကော မမေးဘဲနဲ့ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။ ဖြေ - ကိုဗစ်-၁၉ ပထမလှိုင်းစကတည်းက ပြောထားတဲ့အတိုင်း ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ၊ ဘယ်ကိုရောက်ရောက် သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအတိုင်း စနစ်တကျလိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် အလုံခြုံဆုံး ကာကွယ်တာဟာ ကိုယ့်အတွက်ရော တပါးသူအတွက်ပါ ကာကွယ်ပေးရာ ရောက်တယ်လို့ပဲ မှာချင်ပါတယ်ခင်ဗျ။ ဓာတ်ပုံ-tnnthailand.com ပုံစာ-ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ  

A d v e r t i s e m e n t With Us

More News
Up