ဘန်ကောက်မြို့ ပင်လယ်စာရောင်းသူ ၁ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အသက် ၇၈ နှစ် အရွယ် ပင်လယ်စာရောင်းသူ ဈေးသည်တဦးဆီမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားတာ  တနင်္ဂနွေနေ့မှာ တွေ့ခဲ့ရတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားသတင်းဗျူရိုက ဒီဇင်ဘာ ၂၀ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။ စမွတ်စာခွန်ခရိုင်အတွင်း တလာ့တ်ကွန်းပုစွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၅၀၀ ကျော်ကို ဒီဇင်ဘာ ၁၉ ရက်က အစုလိုက်အပြုံလိုက်တွေ့ပြီး နောက်နေ့မှာ ခုလို တွေ့ခဲ့တာပါ။  အမျိုးသမီးကြီးဟာ စမွတ်စာခွန်ခရိုင်ကို ဒီဇင်ဘာ ၁ ရက်ကနေ ၁၂ ရက်ကြာသွားခဲ့ပြီး တလာ့တ်ကွန်းဈေးကိုလည်း သွားခဲ့တယ်လို့ ဗျူရိုက ဆိုပါတယ်။  “သူ့ရဲ့ မိသားစုဝင် ၁၈ ယောက်နဲ့ ပုံမှန်ဖောက်သည် ငါးယောက်မှာလည်း ကူးစက်ခံရနိုင်ချေ မြင့်နေတယ်၊ တခြား ဆွေမျိုး ၃၃ ယောက်ကတော့ ကူးစက်ခံရ နိုင်ချေ နည်းတယ်” လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။  အယုဒ္ဓယခရိုင်မှာလည်း အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦး ကူးစက်ခံထားရတာ တွေ့ထားပြီး ရောဂါလက္ခဏာ မပြပါဘူး။  သူကတော့ ချင်းမိုင်က အလှပြင်ဆိုင်မှာ အလုပ်လုပ်နေရာက အယုဒ္ဓယကို ပြန်လာခဲ့သူလို့ ထိုင်းအမျိုးသား သတင်းဗျူရိုက သတင်းထုတ်ပြန်ထားပါတယ်။  ဒါကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင် အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်ခံ လူဦးရေ ဟာ စနေ၊ တနင်္ဂနွေ ၂ ရက်အတွင်း ကူးစက်ခံ ၅၇၆ ယောက်နဲ့ ပေါင်းရင် စုစုပေါင်း ၄၉၀၇ ယောက်၊ ကူးစက်ခံ သေဆုံးသူ ဦးရေ အယောက် ၆၀ ရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up