ထိုင်းတွင် တနေ့တည်း ကိုဗစ်-၁၉ လူနာသစ် ၅၁၆ ဦး တွေ့ရှိ

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၉ ရက် တရက်အတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၅၁၆ ဦး တွေ့ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာ PPTV က ည ၉ နာရီ ကြားဖြတ်သတင်းမှာ တင်ဆက်ပါတယ်။ မြို့တော် ဘန်ကောက်အနားက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေထိုင် လုပ်ကိုင်ရာ စမွတ်စာခွန်ခရိုင်က ပုစွန်ဈေးမှာ ပြည်တွင်းနေ အချင်းချင်းကြား စတင်ကူးစက်မှု ၉ ယောက် တွေ့ခဲ့ပြီး ဒီလူတွေဟာ သောကြာနေ့က တွေ့တဲ့ ကူးစက်ခံ ၄ ယောက်နဲ့ ထိတွေ့ခဲ့သူတွေလို့ ထိုင်းအရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၉ ရက်မှာ သူတို့နဲ့ ထိတွေ့ခဲ့သူ ၁,၁၉၂ ယောက်ကို ဆေးစစ်ခဲ့တာပါ။ ဆေးစစ်သူ ၄၃ ရာခိုင်နှုန်း ဖြစ်တဲ့ ၅၁၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ အချိန် ၇ လကျော်အတွင်း တရက်တည်း ကူးစက်ခံ အမြင့်ဆုံးဦးရေလည်း ဖြစ်တယ်လို့ PPTV က ဖော်ပြထားပါတယ်။ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း စမွတ်စာခွန်ခရိုင်မှာ ဒီဇင်ဘာ ၁၉ ရက်က ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၅၁၆ ယောက်ကို ထပ်တွေ့ခဲ့လို့ အရင်နေ့တွေက တွေ့ထားတဲ့ ၁၃ ယောက်ပါ ပေါင်းရင်း စုစုပေါင်း ကူးစက်မှုအသစ် ၅၄၈ ယောက် ရှိပြီလို့ အတည်ပြု ကြေညာပါတယ်။ ကူးစက်ခံ အများစုမှာ ရောဂါလက္ခဏာမပြသလို သူတို့အများစုကလည်း ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်တယ်လို့ ထိုင်းအမျိုးသားသတင်းဗျူရိုက ည ၉ နာရီမှာ သတင်း ထုတ်ပြန်ပါတယ်။ ညတွင်းချင်းမှာပဲ စမွတ်စာခွန် တခရိုင်လုံးကို အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကို ခရိုင်အုပ်ချုပ်ရေးမှူးက ကြေညာလိုက်ပါတယ်။ ကျောင်းတွေ၊ အားကစားခန်းမတွေ လက်ဝှေ့ရုံတွေ မူကြိုကျောင်းတွေ အလှပြင်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အားလုံး ပိတ်ရမှာပါ။ စတိုးဆိုင်တွေ အားလုံးကို ဇန်နဝါရီ ၃ ရက်နေ့ထိ ပိတ်ထားရမှာဖြစ်ပြီး ညလုံးပေါက် ကုန်စုံဆိုင် အားလုံးကတော့ ည ၁၀ နာရီကနေ မနက် ၅ နာရီကြားမှာ ပိတ်ထားရမှာပါ။ ရွှေ့ပြောင်းလုပ်သားအားလုံး မြို့ထဲက ထွက်ခွင့်ရမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံသားတွေကတော့ နာမည်နဲ့ ခရီးသွားမယ့်နေရာတွေကို ထိုင်းအာဏာပိုင်တွေဆီ အကြောင်းကြားပြီးမှ သွားခွင့်ရမှာပါ။  နောက်ထပ် တစုံတရာ မကြေညာမချင်း ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ဘဲ အိမ်မှာနေရမယ့် ညမထွက်ရ အမိန့်ကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ ကူးစက်မှု ပျံ့နှံ့ရာ တလာ့ကွန်း ပုစွန်ဈေးနားမှာ နေထိုင်သူတွေအနေနဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာရမှာပါ။ ဈေးကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး အခုအချိန်ကြား သွားခဲ့သူအားလုံး ရောဂါခြေချုပ်နဲ့ ၁၄ ရက် နေရမှာဖြစ်ပြီး တုပ်ကွေးလက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ လည်ချောင်းနာတာ အသက်ရှူမဝတာ၊ အနံ့နဲ့ အရသာ ပျောက်သွားတာ နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့ရင် ကျန်းမာရေးလုပ်သားတွေကို ချက်ချင်း အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။ ညွှန်ကြားချက်တွေကို ချိုးဖောက်သူတွေဟာ ဘတ်ငွေ ၂ သောင်းနဲ့ ထောင်ဒဏ် ၂ နှစ်ထိ ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့လည်း အမိန့် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up