Homeမြန်မာသတင်း
ခရစ္စမတ်နှင့် နှစ်ကူးကာလ ရန်ကုန်နေ ပြည်သူများ အိမ်ပြင်မထွက်ကြရန် ဆရာဝန်များ တိုက်တွန်း
ခရစ္စမတ်နှင့် နှစ်ကူးကာလ ရန်ကုန်နေ ပြည်သူများ အိမ်ပြင်မထွက်ကြရန် ဆရာဝန်များ တိုက်တွန်း
ဇေယျာချမ်းအေး
·
December 19, 2020
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ရန်ကုန်နေပြည်သူတွေ အိမ်ပြင်မထွက်ကြဖို့ မြို့နယ်ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ ရန်ကုန်တိုင်းမှာ မလျော့ကျသေးတဲ့အတွက် ပြည်သူတွေ မပေါ့လျော့ဖို့ ဆရာဝန် တွေက တိုက်တွန်းလိုက်တာပါ။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ရန်ကုန်မြို့က လူစည်ကားတတ်တဲ့ အများ ပြည်သူပိုင်နေရာတွေကို ဖွင့်ပေးဖို့ အစီအစဉ်မရှိဘဲ Stay At Home စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့ ဒေသန္တရအမိန့်တွေကို ရန်ကုန်မြို့ခံတွေ လိုက်နာစေချင်တယ်လို့ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်က ပြောပါတယ်။
ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလမှာ လူစည်ကားတတ်တဲ့ အင်းလျားကန်ဘောင်ကိုလည်း ဖွင့်လှစ်ဖို့အစီအစဉ်မရှိဘဲ စည်းကမ်းတင်းကျပ်မယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့က လူစည်ကားတတ်တဲ့ နေရာတွေမှာ လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦး ပြောပါတယ်။
လူစည်ကားတတ်တဲ့ ၀နရာတွေမှာ စည်းကမ်းတင်ကျပ်ဖို့ လုံခြုံရေးဝန်ထမ်း၊ စည်ပင်ဝန်ထမ်းတွေကို အင်အား တိုးမြှင့်ချထားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရ သူ ၁၁၄၀၀၀ ကျော်ရှိနေပြီး စာရင်းတွေအရ ရန်ကုန်တိုင်းဟာ ပိုးကူးစက်မှုအမြင့်ဆုံး ဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းမှာ လူစုလူဝေး ဖြစ်မယ့်နေရာတွေကို တိုင်းအစိုးရက စည်းကမ်းတင်းကျပ်ပြီး ကိုင်တွယ်နေတာဖြစ်ပါတယ်။