Homeမြန်မာသတင်း
အများပြည်သူသုံး နေရာများတွင် အင်တာနက်ဝိုင်ဖိုင်ရရေး ကုမ္ပဏီ ၂ ခုနှင့် Facebook ဆောင်ရွက်
အများပြည်သူသုံး နေရာများတွင် အင်တာနက်ဝိုင်ဖိုင်ရရေး ကုမ္ပဏီ ၂ ခုနှင့် Facebook ဆောင်ရွက်
DVB
·
December 19, 2020
Facebook နဲ့ ပူးပေါင်းပြီးတော့ ရန်ကုန်နဲ့ မန္တလေးက အများပြည်သူသုံးနေရာတွေမှာ အင်တာနက်ဝိုင်ဖိုင်ရဖို့အတွက် ကုမ္ပဏီ ၂ ခုက ဆောင်ရွက်နေပါတယ်။
Facebook Connectivity က အင်တာနက်ဝန်ဆောင်မှုပေးတဲ့ 5BB Broadband နဲ့ Kinetic ကုမ္ပဏီတို့နဲ့ မိတ်ဖက်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အင်တာနက်ရယူအသုံးပြုနိုင်တာကို ပိုပြီး မြှင့်တင်ပေးဖို့ ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်လိုက်တာပါ။
5BB Broadband က လာမယ့် ၂ နှစ်အတွင်း ရန်ကုန်နဲ့ မန္တလေးက ဈေးဝယ်စင်တာမောလ်တွေ၊ ကော်ဖီဆိုင်တွေ စတဲ့ အများပြည်သူသုံး နေရာတွေမှာ အင်တာနက်ရနိုင်တဲ့ နေရာပေါင်း ၃၀၀၀ ကျော် ဖန်တီးပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကုမ္ပဏီရဲ့ မျှော်မှန်းချက်နဲ့အညီ 5BB Broadband နဲ့ Facebook ရဲ့ Express Wi-Fi တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လူအများ အလွယ်တကူ အသုံးပြုနိုင်ပြီး စိတ်ချရတဲ့ အင်တာနက်ကို ရယူအသုံးပြုနိုင်တော့မှာပါ။ အခုအချိန်မှာ အခြေခံအဆောက်အအုံ ကန့်သတ်ချက်တွေကြောင့် အရည်အသွေးမြင့် အင်တာနက် မရရှိနိုင်သေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံး နေရာဒေသတွေမှာရှိတဲ့ စိန်ခေါ်မှုတွေကိုပါ အခုလို ကမ္ဘာ့အဆင့်မီ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကနေ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” လို့ 5BB Broadband ရဲ့ Co-founder နဲ့ Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးက ပြောပါတယ်။
Kinetic ကလည်း လာမယ့် ၁ နှစ်ခွဲအတွင်း ရန်ကုန်နဲ့ မန္တလေးမှာ ရေရှည်အသုံးပြုနိုင်မယ့် အများပြည်သူသုံး Wi-Fi အင်တာနက် ကွန်ရက်တခုအတွက် Express Wi-Fi ပလက်ဖောင်းကို သုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။
အသက်သာဆုံး ဈေးနှုန်းဖြစ်ရမယ်လို့ Kinetic Myanmar Technology ရဲ့ Managing Director က ပြောပေမယ့် ဒီကုမ္ပဏီ ၂ ခုလုံးဟာ ဈေးနှုန်းတွေကို မထုတ်ပြန်သေးပါဘူး။
ဖေ့စ်ဘွတ်ခ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ Head of Connectivity and Access Policy ဖြစ်သူ Tom Chottayil Varghese ကတော့ မိတ်ဖက်ပူးပေါင်းတာတွေ တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်အတွက် Facebook အနေနဲ့ Wi-Fi အင်တာနက် ကွန်ရက်တွေ တပ်ဆင်ပေးနိုင်ပြီး လည်ပတ်ဆောင်ရွက်နိုင်ဖို့ နည်းပညာအစုံအလင်ပါဝင်တဲ့ သူတို့ရဲ့ Express Wi-Fi ပလက်ဖောင်းကို ပေးအပ်သွားမှာဖြစ်လို့ သုံးစွဲသူတွေအတွက် မြန်ဆန်စိတ်ချတဲ့ အင်တာနက်ကို ရမှာဖြစ်သလို ကုမ္ပဏီတွေအနေနဲ့လည်း ပိုပြီး အဆင်ပြေပြေစီမံခန့်ခွဲနိုင်မယ်လို့ Facebook ရဲ့ တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
Express Wi-Fi ဆိုတာ Facebook Connectivity အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီ ပလက်ဖောင်းကို နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ အသုံးပြုနေကြပါတယ်။