မန္တလေးတိုင်းအတွင်း A အဆင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခွင့်ပြု
DVB
·
December 19, 2020
ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနက နေအိမ်တွင်း နေထိုင်ရေး သတ်မှတ်ထားတဲ့ မန္တလေးတိုင်းအတွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်တွေက လွဲရင် ကျန်တဲ့မြို့နယ်တွေက A အဆင့်ရှိတဲ့ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်တာကို ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး ခွင့်ပြုလိုက်ပါတယ်။
နေအိမ်တွင်းနေထိုင်ရေး သတ်မှတ်ထားတဲ့ မြို့နယ်တွေက ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချရမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဈေးအားလုံးမှာလည်း ဈေးရောင်းသူ ဈေးဝယ်သူအားလုံး ပါးစပ် နှာခေါင်းစည်း၊ မျက်နှာအကာ ရော်ဘာလက်အိတ်ဝတ်ဆင်ဖို့ကို တိုက်တွန်းထားပါတယ်။
ကျုံးဘေးမှာ အပန်းဖြေအနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာတွေကိုလည်း ခွင့်မပြုသေးဘဲ ဒီအချက်တွေကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လိုက်နာရမှာဖြစ်ပါတယ်။
မန္တလေးတိုင်းအစိုးရက သတ်မှတ်ခဲ့တဲ့ မန္တလေးခရိုင်အတွင်း နေအိမ်တွင်းနေထိုင်ရေးအစီအစဉ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ဖျက်သိမ်းခဲ့ပြီး သီရိမင်္ဂလာငါးဈေးကိုလည်း ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပါတယ်။