ဝ အထူးဒေသ ၂ တွင် ကိုဗစ်ကြောင့် ကျောင်းအားလုံးပိတ်၊ ပြည်သူ့စစ်လေ့ကျင့်ရေး ရပ်ဆိုင်း
DVB
·
December 19, 2020
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝ ထိန်းချုပ်နယ်မြေ အထူးဒေသ ၂ မိုင်းပေါက်မှာ ကိုဗစ်လူနာနှစ်ဦး တွေ့ရှိတာကြောင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ဝ ဒေသရှိ ကျောင်းအားလုံး ဒီဇင်ဘာ ၂၀ ရက်ကစပြီး ပိတ်ထားဖို့နဲ့ ဆောင်းရာသီ ပြည်သူ့စစ်လေ့ကျင့်ရေး အစီအစဉ် ရပ်ဆိုင်းဖို့ ဒီဇင်ဘာ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကြေညာချက်ထဲမှာ အချက် ၁၅ ချက် ပါဝင်ပြီး ပန်ခမ်းမြို့မှာ ခုတင် ၃၀၀ ဆံ့တဲ့ ကွာရန်တင်းစင်တာတခု ဆောက်လုပ်သွားမယ်လို့ ပါရှိပါတယ်။
KTV တွေ ရေရှည်ပိတ်သိမ်းဖို့နဲ့ မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ပွဲလမ်းသဘင်တွေအပါအဝင် ဘာသာရေးပွဲတွေကိုလည်း ပြုလုပ်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။
ဒေသတွင်း အသွားအလာ ၁၀ ရက် ကန့်သတ်ပြီး မိုင်းလား၊ တန့်ယန်း၊ လားရှိုးဘက် သွားလာမှုကို နှစ်လ ပိတ်ပင်ထားမယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့နီးစပ်မှုရှိခဲ့သူတွေဟာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ အချိန်မီ သတင်းပေးပို့မှု ပျက်ကွက်သူကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။