Home
သုံးသပျခကျြ
ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်း အတည်ပြုလိုက်သည့်အပေါ် အမြင်သဘောထား
မျိုးဇော်လင်း
·
August 27, 2013
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က  အတည်ပြုလိုက်ပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က ကျင်းပတဲ့ ပထမကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ  ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ဒီဥပဒေကြမ်းကို ပုဒ်မ အချို့ပယ်ဖျက်ပြီး အတည်ပြုလိုက်တာပါ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ မီဒီယာသမားတွေက ကန့်ကွက်ထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းပါ မှတ်ပုံတင် အရာရှိနှင့် မှတ်ပုံတင်ဌာန စကားရပ်ကို ပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်တာပါ။ အခုလို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း အတည်ပြုလိုက်တဲ့အပေါ် မီဒီယာလောကသားတွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။ ဖိုးသောကြာ (ရွှေနိုင်ငံသစ်သတင်းစာ - အယ်ဒီတာချုပ်) “သတင်းသမားတွေ ဘက်ကနေပြီးတော့ ပြည်သူနဲ့ နိုင်ငံတော်ကို အကျိုးပြုနိုင်မယ့် သတင်းသမားတယောက်အနေနဲ့ ရပ်တည်နိုင်ဖို့အတွက် အကာအကွယ်ပေးဖို့ရော၊ ဒီအပေါ်မှာ အခြေခံပြီး ရေးထားတာ ဖြစ်တဲ့အတွက် ဘာမှပြောစရာ မရှိပါဘူး။ အတိုင်းထက်အလွန် တံခွန်ထက် ကုက္ကား ပေါ့ဗျာ။ သို့သော်လည်းပဲ အစိုးရဘက်က တင်ထားတဲ့ ဥပဒေကြမ်းနဲ့ ကျနော်တို့ နဲ့ အချက်သုံးချက်လောက် ကွာခြားနေသေးတယ်။ အဲဒီသုံးချက်ကတော့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့ဗျာ။ အစိုးရဘက်က ကန့်ကွက်ထားတဲ့ သုံးချက်ကိုလည်း ကျနော်တို့ဘက်က လက်မခံချင်ဘူး။” ဦးကိုကို - စက်မှု (ရန်ကုန်တိုင်းမ် - အယ်ဒီတာ) “ဒီဥပဒေအတိုင်းသာဆိုရင် ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နိုင်တဲ့ သတင်းသမားတွေ ထိန်းစောင့်ရေးလည်း ဒီဥပဒေထဲမှာ ပါတာ တွေ့ရတယ်။ နောက်တခု သတင်းလွတ်လပ်ခွင့်တွေလည်း ပေးထားပါတယ်။ သတင်းသမားတွေကိုလည်း ကာကွယ်မှုတွေ ပေးထားတယ်ဆိုတော့ ဒီဥပဒေဟာ ဘယ်လိုပဲ ပြောပြော မီဒီယာ ဥပဒေထဲမှာ လွတ်လပ်သော သတင်းမီဒီယာတခု ဖြစ်လာအောင်လို့ ပံ့ပိုးပေးနိုင်မယ့် ဥပဒေတခုအနေနဲ့ မြင်ပါတယ်။ လွတ်လပ်ခွင့် ရလာတာနဲ့အတူ စောင့်ထိန်းရမယ့် ကိစ္စတွေလည်း ပါလာတယ်။ လွတ်လပ်မယ်၊ ဘယ်ဟာတွေတော့ ရေးလို့ရမယ်၊ ဘယ်ဟာတွေဆိုရင်တော့ မရေးသင့်ဘူးဆိုတဲ့ အပိုင်းတွေပေါ့။ ဒါ ဥပဒေမှာ ပါလာတဲ့အတွက်ကြောင့် ကျင့်ဝတ် သိက္ခာပိုင်းအရရော ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်သွားရမယ့် အနေအထားတွေ့နေတယ်။” ဦးကျော်စွာမိုး (ဧရာဝတီ သတင်းဌာန၊ အင်္ဂလိပ်ပိုင်း အယ်ဒီတာ) “လွတ်လပ်တဲ့  ဂျာနယ်လစ်တွေကလည်း လုပ်ထားတဲ့အရပေါ့လေ၊ အစိုးရဘက်ကလည်း ဒါမျိုးတွေ လိုတယ်၊ ဥပဒေတွေ လိုတယ် ဆိုပြီး သုံးသပ်ပြောဆိုနေကြတာပေါ့နော်။ မေးခွန်းတွေကတော့ ရှိနေတုန်းပဲ။ ဘာလဲဆိုတော့ တကယ်ရော မီဒီယာအတွက် ဥပဒေတွေ တိတိကျကျကြီး လိုသလားပေါ့။ အဲဒီမေးခွန်းကတော့ အခုအထိ မေးရင် မေးလို့ရတဲ့ မေးခွန်းပဲလို့ ကျနော်ထင်တယ်။ အဓိက အရေးအကြီးဆုံးက စာနယ်ဇင်းလွတ်လပ်ခွင့်လို့ ပြောလာတဲ့အခါမှာ ကျနော်ထင်တယ် အခြေခံဥပဒေထဲမှာ တကြောင်းတပိုဒ်ပဲ အရေးကြီးတယ်၊ ကျနော်တို့ ကျနော်ပြဋ္ဌာန်းဖို့က။ လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ ရေးသားခွင့်တွေကို အာမခံချက်ပေးတယ်၊ လုပ်ခွင့်ရှိတယ်ဆိုတာကို အခြေခံ ဥပဒေကနေ ပြဋ္ဌာန်းပေးဖို့ပဲ အဓိက လိုတာပေါ့နော်။ အခြေခံ ဥပဒေကနေ ဘယ်လောက်အထိ အာမခံချက်ပေးနိုင်မလဲ၊ အဲဒါကတော့ အခုအထိ ကျနော်ထင်တယ် မေးခွန်းကြီးပဲ။” ဦးသီဟစော (မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း - အယ်ဒီတာချုပ်) “နိုင်ငံတော် လျှို့ဝှက်ချက်တွေ၊ လုံခြုံရေး ထိခိုက်စေတာတွေ လွဲလို့ရှိရင် မေးတာကို ဖြေသင့်တယ်၊  သတင်းအချက်အလက်တောင်းရင် ပေးသင့်တယ်၊ ပေးရမယ် အဲဒီလိုမျိုး အကိုးအကားလေးကို ထည့်ပြီးတော့ ရေးထားတယ်။ အရင်ကထက်စာရင် ပိုပြီးတော့ ရလာမယ်ထင်တယ်။ လွှတ်တော်ထဲမှာ သတင်းမီဒီယာ ဥပဒေရယ်၊ ပုံနှိပ်ထုတ်ဝေ ဥပဒေရယ် အဲဒီနှစ်ခုကို လွှတ်တော်က လူကြီးတွေ အမြော်အမြင်ရှိပြီးတော့ တခုတည်းဖြစ်အောင် ပေါင်းရေးလိုက်ရင် တကယ်ပဲ သတင်းလွတ်လပ်ခွင့်ကို အာမခံချက်ရှိအောင် ပေါင်းလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးကို ရောက်မယ်ထင်တယ်။ တကယ်ဆိုလို့ရှိရင်  ငါတို့မှာ တခုမှ မရေးဘဲနဲ့ လွတ်လပ်စွာရေးသား ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်ကိုပဲ အဓိက အာမခံချက်ရှိရင် ပိုကောင်းမယ်၊ လက်ရှိမှာ အဲဒီအဆင့်မရောက်သေးဘူး အဲဒီအဆင့်ရောက်အောင် ဆက်ဆွေးနွေးသွားရမှာပေါ။” ဦးအောင်သူရ (သတင်းထောက်ချုပ် - 7 Daynews) “အခန်း ၃ သတင်းမီဒီယာ ဥပဒေများ ရပိုင်ခွင့်မှာ နိုင်ငံတော် လုံခြုံရေးက လွဲပြီးတော့၊ ထိပ်တန်းလျှို့ဝှက်ချက်က လွဲပြီးတော့ ဌာန အဖွဲ့အစည်းက သတ်မှတ်ထားသည့် စည်းကမ်းနဲ့ အညီ အစိုးရရုံး ဌာန အဖွဲ့အစည်းများ သတင်းအချက်အလက်များ ရယူခွင့် နေရာထိုင်ခင်များ ၀င်ထွက်သွားလာခွင့်ရှိသည်၊ အဲဒီဟာ ထည့်ပေးလို့ ကျနော်တို့ သဘောကျတယ်ဗျ။ လက်ရှိမှာ ကျနော်တို့ အဲဒီလို မရှိတဲ့အတွက် တချို့ဟာတွေမှာ ဒီဝန်ကြီးဌာနတွေက ကျနော်တို့ကို အသိအမှတ်မပြုတာတွေ၊ သတင်းမပေးတာတွေ အများကြီး ရှိနေသေးတာပေါ့နော်။ ၀န်ကြီးဌာနတွေကို ၀င်လို့ထွက်လို့ရမယ်၊ ပြောလို့ဆိုလို့ရမယ်၊ သူတို့မပေးဘူးဆိုလည်း ကျနော်တို့ ဥပဒေနဲ့ ပြောလို့ရတယ်၊ ဒီဥပဒေကြမ်း အတည်ပြုပြီးသွားရင်တော့ ပထမ ပုံနှိပ်မီဒီယာရယ် ဒီနှစ်ခု အတည်ပြုသွားရင်တော့ ကျနော်တို့ တော်တော်များများ လွတ်လွတ်လပ်လပ်ရှိလာမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024