Home
ဆောင်းပါး
အမျိုးသမီးတွေ တွန်းလှန်ဆန့်ကျင်နိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှု
DVB
·
December 18, 2020
အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါ်တဲ့ သမီးရည်းစားကြား၊ အိမ်ထောင်ရှင်တွေနဲ့ မိသားစုဝင်တွေ ကြားမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကို သာမာန်ဖြစ်ရိုးဖြစ်စဉ်လို့ ယနေ့အချိန်အထိ လက်ခံနေကြတဲ့သူတွေရှိနေဆဲပါ။ အိမ်ထောင်ဘက် အမျိုးသားဖြစ်သူရဲ့ အကြမ်းဖက်မှုကို ခံရတဲ့ အမျိုးသမီးတွေဟာ“လင်နဲ့မယား၊ လျှာနဲ့ သွား” “ယောကျာ်းနဲ့ မိန်းမ ရန်ဖြစ်တာ အထူးအဆန်းမှ မဟုတ်တာ” စတဲ့ အရိုးစွဲနေတဲ့ အစဉ်အလာတွေက သူတို့ ခံစားချက်ကို ထုတ်ပြောဖို့ ကန့်သတ်ခံလိုက်ရတာဖြစ်တယ်။ ဒီလိုကန့်သတ်ခံလိုက်တာတွေကြောင့် အမျိုးသမီးတွေဟာ သူတို့အကြမ်းဖက်ခံတာတွေကို ဖွင့်မပြောရဲတော့ဘဲ တယောက်ထဲ ကြိတ်မှိတ်ခံစားရင်း စိတ်ဒဏ်ရာရကာ ဘဝကို သက်တမ်းတိုတိုနဲ့ ကုန်ဆုံးသွားရသူတွေလည်း ရှိနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အိမ်ထောင်ဦးစီးက သူရဲ့ဇနီးမယားကို ရိုက်နှက်၊ ဆဲဆို၊ နှိပ်စက်တာတွေလို့ပဲ အများက မြင်ကြမှာပါ။ အမှန်က သွေးရင်းမိသားစုဝင်တဦးဦးကဖြစ်စေ၊ အိမ်ထောင်စုဝင် တဦးဦးကဖြစ်စေ အမျိုးသမီးတွေအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်တာကို ဆိုလိုတာပါ။ Triangle Woman Organizationရဲ့ဒါရိုက်တာ ဒေါ်ခင်လေးက အမျိုးသားတွေကလည်း အမျိုးသမီးတွေနဲ့အတူ နေလိုက်ပြီဆိုတာ သူတို့ဟာ ကာမပိုင်ယောကျာ်းဆိုတဲ့အတိုင်း ကာမအပြင် စိတ်ရော၊ ခန္ဓာပါ အားလုံးကို ပိုင် တယ်ဆိုတဲ့ယူဆချက်နဲ့ အမျိုးသမီးတွေကို အရုပ်တခုလို သဘောထားတဲ့အတွက် အကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ ရှင်းပြပါတယ်။ အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတာတွေက အရင်ကတည်းက ရှိခဲ့ပေမယ့် ယခုဖြစ်ပွားနေတဲ့ ကိုဗစ်ကာလအတွင်းမှာ အမျိုးသားတွေအနေနဲ့ သူတို့ရဲ့စိတ်အဆင်မပြေမှုကို ထွက်ပေါက်အဖြစ် ဇနီးမယား အပေါ် ပုံချလိုက်တာကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုပြီးဖြစ်လာရတာပါ။ ဒါကြောင့် ကိုဗစ်ရောဂါ ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုက တိုင်ကြားမှု အများဆုံးအမှု ဖြစ်လာတယ် လို့ အမျိုးသမီးအဖွဲ့အစည်းတွေကလည်း ထောက်ပြနေကြပါတယ်။ လူမှုဝန်ထမ်းဌာနဆီကို တိုင်းနဲ့ပြည်နယ်အသီးသီးမှ တိုင်ကြားလာတဲ့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမှုပေါင်းဟာ ၂၀၁၉ မှာ ၃၁ မှုရှိခဲ့ရာက အခု ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ ၁၄၉ မှုထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ထားဝယ်ခရိုင်မှာဆိုရင်လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာလအထိ ထားဝယ်အမျိုးသမီးသမဂ္ဂမှ အကူအညီပေး ခဲ့ရတဲ့ အမှုပေါင်း ၇၁ မှုရှိတဲ့အနက် ၅၈ မှုက အိမ်တွင်းအကြမ်းဖက်မှုတွေလို့ သိရပါတယ်။ တိုင်ကြားထားတဲ့ အမှုတွေထဲမှာ လင်ယောကျာ်းမှ ရိုက်နှက်တာ၊ ဝင်ငွေမထောက်ပံ့တာနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အမှုတွေက အများဆုံးဖြစ်နေတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်က ဆိုပါတယ်။ မယ်းနုနုလှိုင်က“အရင်ကတည်းက အကြမ်းဖက်တာတွေက ရှိနေတာ။ ဒါပေမယ့် ဒါကို အကြမ်းဖက်တယ်လို့ မထင်ဘူး။ အမျိုးသမီးဆိုရင်တော့ အမျိုးသားပြုသမျှ ခံရမှာပဲဆိုတဲ့ စိတ်နဲ့ နေထိုင်ရတယ်။ အခုကျတော့ ဒါဟာ မခံသင့်တော့ဘူးဆိုတာ သိလာရတော့ တိုင်ကြားမှုက ပိုများလာတာ”လို့ ပြောပါတယ်။ ဒီလိုတိုင်ကြားမှုတွေရှိလာအောင်၊ အမျိုးသမီးတွေအနေနဲ့ သူတို့အကြမ်းဖက်ခံရတာတွေကို ထုတ်ဖော်ပြောဆို ရဲလာအောင် စံနမူနာအနေနဲ့ မီးမောင်းထိုးပြသူက အဆိုတော် အစ္စဏီရဲ့ ရည်းစားဟောင်း မော်ဒယ် စူးရှထက် ပါ။ အစ္စဏီ ဟာ မတရား ရိုက်နှက်နှိပ်စက်မှု၊ အပြင်းအထန် နာကျင်စေ မှု၊ မုဒိမ်းမှု အစရှိတဲ့ စွပ်စွဲချက်တွေကို တနှစ်ကျော်ကြာ တရားရင်ဆိုင်ပြီးနောက်မှာ ထောင် ၇ နှစ်ကျ ချမှတ်ခံခဲ့ရပါတယ်။ လူတချို့ကတော့ အမှုစဖွင့်တဲ့အချိန်မှာ စူးရှထက်ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက် ထိုးနှက်ခဲ့ကြပါတယ်။ စူးရှထက် နဲ့ပတ်သက်တဲ့ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ တင်ပြီး မကောင်းတဲ့ မိန်းမ၊ မိန်းမ ပျက်စတဲ့ အမျိုးသမီးတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားတွေနဲ့ ဝေဖန်ရှုတ်ချခဲ့ကြတာကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်ရမှာပါ။ ဒီလိုပြင်းထန်တဲ့ ဝေဖန်မှုတွေကြားမှာ စူးရှထက်အနေနဲ့ သိပ်တုန်လှုပ်ကြောက်ရွံ့သွားတာ မတွေ့ရပါဘူး။ သူ့ရှိရင်းစွဲ အလုပ်လေးလည်း မပျက်၊ တဖက်မှာလည်း တရားရင်ဆိုင်ရင်း အိမ်တွင်းအကြမ်းမှုဟာ လူ့အသိုင်း အဝိုင်းတခုလုံးအတွက် ရွံ့မုန်းစရာ ရာဇဝတ်မှုဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်။ အမိန့်ချပြီးနောက်မှတော့ စူးရှထက်ကို ဝေဖန်ရှုတ်ချခဲ့တဲ့သူတချို့တောင်မှ စူးရှထက်ရဲ့ ဇွဲနဲ့ လုပ်ကိုင်ရဲတဲ့ သတ္တိကြောင့် သူ့လုပ်ရပ်အပေါ် ပြောင်းပြီး ထောက်ခံအားပေးတာတွေရခဲ့ပါတယ်။ ဒါ့အပြင် စူးရှထက်က အိမ်တွင်းအကြမ်းဖက်မှုမှာ ကျူးလွန်ခံရသူရဲ့ အနေအထိုင်၊ အလုပ်အကိုင်၊ အကျင့် စာရိတ္တအပေါ်မှာ မမူတည်ဘဲ အမှန်တကယ် နာကျင်စေမှု ဟုတ်၊ မဟုတ်နဲ့သာ သက်ဆိုင်တယ်ဆိုတာကိုလည်း သက်သေပြသွားပါတယ်။ အစ္စဏီကတော့ အမှုကြောင့် သီချင်းခွေထုတ်ဖို့ကိစ္စတွေ ပျက်သွားခဲ့ရသလို ထောင် ၇ နှစ်အတွက် အယူခံလည်း မရဘဲ အားလုံးအတွက် စံနမူနာအနေနဲ့ တရားသူကြီးက အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်မှုကျူးလွန်သူဟာ ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ အရှိန်အဝါရှိရှိ အကြမ်းဖက်တာ မှန်ရင်တော့ မည်သူမဆို အပြစ်ပေးထောင်ကျခံရမယ်ဆိုတာကိုလည်း မီးမောင်းထိုးပြ လိုက်တာဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်လို့ တွန်းလှန်ဆန့်ကျင်တာအင်မတန်မှ အားနည်းနေသလို ကြား ၃ ကြား မဝင်နဲ့ဆိုတဲ့ အယူအဆစွဲတွေကြောင့် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ အကာကွယ်မဲ့နေ သေးတာကိုလည်း ယခုတိုင် တွေ့မြင်နေရဆဲပါ။ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာလည်း စူးရှထက်လိုပဲ အိမ်တွင်းအကြမ်းဖက်မှုကို တွန်းလှန် အနိုင်ယူခဲ့တဲ့ သူ့ဘဝအတွေ့အကြုံကို ဝေမျှပါတယ်။ သူမ အသက် ၂၇ နှစ်အရွယ်မှာ မိဘပေးစားတဲ့ သူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ စီးပွားရေးဆိုင်ရာအရပါ အကြမ်းဖက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ အိမ်ထောင်ကျစကတည်းက လင်မယား ၂ ယောက်အတွက် ဘာပိုင်ဆိုင်မှုမှ ပေးမထားဘဲ အမျိုးသားရဲ့ မိခင်ဖြစ်သူကသာ အစစအရာရာ ထိန်းချုပ် စီမံခန့်ခွဲနေတာကြောင့် ဇနီးမယားတယောက်အနေနဲ့ စိတ်အဆင်မပြေတာ ဖြစ်ခဲ့ရပါတယ်။ သူမရဲ့ မိဘတွေနဲ့ တွေ့ခွင့်မပေးသလို သတ်မှတ်ထားတဲ့ စည်းကမ်းမလိုက်နာရင် အိမ်ထဲက အိမ်အပြင် ပေးမထွက်ရတဲ့အထိ ချုပ်ချယ်ခဲ့ကြတယ်လို့ အဆိုပါ အမျိုးသမီးက သူမဘဝအကြောင်း ပြန်ပြောင်းပြောပြပါတယ်။ ကိုယ်ဝန်ရလာတော့လည်း ကိုယ်ဝန်ကြောင့် အိပ်ရင်လည်း အပြစ်ဖြစ်သလို စားရင်လည်း အပြစ်လုပ်ထားသလို ပြောဆိုတာတွေ၊ သူ့အမျိုးသားက မူးလာတိုင်း ရိုက်နှက်တာ၊ ဆဲတာတွေအပြင် နောက်ပိုင်း ဓါးထောက် ခြိမ်း ခြောက်တာကြောင့် ရပ်ကွက်ရုံးမှာ ခံဝန်ထိုးခဲ့ရတဲ့အထိကို ဖြစ်သွားကြပါသေးတယ်။ ဒီအဖြစ်အပျက်တွေကို မိဘတွေဆီ ရင်ဖွင့်တော့လည်း သည်းခံဖို့ပဲ ပြောဆိုခဲ့တာ ကြောင့် ဒါကို အိမ်တွင်းအကြမ်းဖက်မှုလို့ မထင်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ယောက္ခမနဲ့ ချွေးမကြားက ပြဿနာလို့ ယူဆပြီး သည်းခံခဲ့တယ်လို့ သူမက ဆိုပါတယ်။ ဒီလိုနဲ့ ကိုးနှစ်တာ သမီး ၂ ယောက်၊ သား ၁ ယောက်ရှိတဲ့ မိခင်အဖြစ် ဖြတ်သန်းရင်း နောက်ပိုင်းမှာတော့ အခရာအမျိုးသမီးအဖွဲ့နဲ့တွေ့မှ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်သိရှိလာပြီး သူခံစားရတာတွေ ဟာ ရာဇဝတ်မှုမြောက်တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေပါလားလို့ သိသွားတဲ့အတွက် ရုန်းထွက်နိုင်ခဲ့တာလို့ သူမက ပြောပါတယ်။ ကွာရှင်းတော့လည်း ဘာခံစားခွင့်၊ ဘာရပိုင်ခွင့်မှမရဘဲ သားသမီး ၃ ယောက်ထဲမှ အငယ် ၂ ယောက် ကိုသာ ခေါ်သွားခွင့်ပြုခဲ့ပြီး သမီးအကြီးကိုတော့ ခေါ်သွားခွင့်မပေးသလို ယနေ့အချိန်ထိလည်း တွေ့ခွင့်ပေးဘူး လို့ သိရပါတယ်။ နောက် ကလေးစရိတ်တွေ မပေးတာ၊ မိန်းမကို အသုံးစရိတ် ပေးမကိုင်တဲ့အပြင် မစံပယ်ရဲ့ဝင်ငွေကို ထိန်းချုပ်ထားပြီး အလုပ်လုပ်ခွင့်ကို ပိတ်ပင်တာတွေကလည်း စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုပဲ ဖြစ်တယ်။ အိမ်ထောင်ရှင်အမျိုးသားတွေအနေနဲ့ ဇနီးသည်အပေါ်မှာ ကိုယ်ချင်းစာပေးဖို့လိုပြီး အမျိုးသမီး တွေအနေနဲ့ကလည်း အိမ်တွင်းအကြမ်းဖက်ခံရပြီဆိုရင် ကြိတ်ခံမနေဘဲ ဖွင့်ပြောကြဖို့ အဆိုပါအမျိုးသမီးက အကြံပြုစကားဆိုပါတယ်။ နောက်ထပ် အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကလဲ သူမဘဝမှာတွေ့ကြုံခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပြောပြပါတယ်။ သူမရဲ့အမျိုးသားဟာ သူအပေါ်သဝန်တိုရာက အစပြုပြီး နောက်ပိုင်းမှာ လွန်လွန်ကျူးကျူးတွေ ပြုမူ ချုပ်ချယ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဟိုလူနဲ့ရိုးစွပ်၊ ဒီလူနဲ့တွေ့နေသလိုမျိုး နေ့စဉ်ဆိုသလို ပြောဆိုစွတ်စွဲနေပေမယ့် အစပိုင်းမှာတော့ ချစ်လို့လုပ်တာလို့ ယူဆပြီး သည်းခံပေါင်းသင်းခဲ့တယ်လို့ သူမကဆိုပါတယ်။ တခါမှာတော့ သူ့အမျိုးသားက လူပုံအလယ်မှာလည်း အရှက်ရအောင်၊ ဂုဏ်သိက္ခာထိခိုက်တဲ့အထိ ပြောဆိုလာတာကြောင့် အိမ်ပေါ်ကဆင်းဖို့ ကြံတဲ့အတွက် အခန်းတွင်းမှာ တပတ်လောက် ပိတ်ထားတဲ့အထိ အပြစ်ပေးခံခဲ့ရတယ်။ “သူက နောက်ပိုင်းပိုဆိုးလာတယ်။ စိတ်ရောဂါရသွားလားမသိဘူး။ ကျမကို တချိန်လုံးလိုက် ကြည့်နေတာ၊ ထမင်းစားရင် သူနဲ့အတူမစားရဲလို့ နောက်မှစားမယ်ဆိုရင် ရိုက်ပြီး ထမင်းကျွေးတာ”လို့ ပြန်ပြောပြပါတယ်။ အစပိုင်းမှာ ရှက်လို့ ဘယ်သူမှ မပြောပဲ သည်းခံခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာပြီး ဂုဏ်သိက္ခာလည်း ထိပါး လာတာကြောင့် သည်းမခံနိုင်တော့တဲ့အဆုံးမှာ ကွာရှင်းဖို့ လုပ်ပေမယ့် ကွာမပေးတာကြောင့် ၁ နှစ်ကျော်ကြာမှ ကွာရှင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။ “ကိုယ့်ကို ယောကျာ်းတယောက်က ဘယ်လိုပဲပြုမူဆက်ဆံပါစေ။ ကိုယ့်စိတ်က လက်မခံနိုင်ဘူး။ မကြိုက်ဘူးဆိုရင် ချက်ခြင်းတုန်ပြန့်ပါ။ တခါသည်းခံခွင့်လွှတ်လိုက်ရင် နောင် ကိုယ့်အသက်ပါ အန္တရာယ်ရှိလာ နိုင်တာမို့ ဘယ်တော့မှ ခေါင်းငုံ့သည်းခံမနေပါနဲ့”လို့ သူက ဘဝတူအိမ်ထောင်ရှင်မတွေကို သတိပေးစကား ဆိုပါတယ်။ အမျိုးသမီးတိုင်းလိုလို အိမ်တွင်းအကြမ်းဖက်မှုကို နည်းလမ်းမျိုးစုံနဲ့လည်း ခံရနိုင်ပါတယ်။ ဘာလို့ဆို အတူနေ မိသားစုဝင်တွေ၊ အိမ်ထောင်သည်တွေကြားမှာ ဖြစ်တဲ့ ပြဿနာမို့ ဝင်ရောက်ဖြေရှင်းပေးဖို့ခက်ခဲတဲ့အနေအထား ဖြစ်တာကြောင့်ပါ။ ဒါပေမယ့်လို့ အမျိုးသားတယောက်က အမျိုးသမီးတယောက်ကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်နေတာ၊ ကြမ်းတမ်းစွာ ဆဲဆိုနေတာကို လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ နောက်ထပ်အကြမ်းဖက်ခံရမှုတွေ ဒီထက်ဆိုးလာဖို့သာ ရှိပါတော့တယ်။ အကြမ်းဖက်မှုတွေကို တွေ့မြင်ရက်နဲ့ တိုင်ကြားမှုမရှိတာက အမျိုးသမီးတွေ အကြမ်းဖက်ခံရဖို့ကို ပိုမိုတွန်းအား ပေးသလို ဖြစ်စေပြီး မတိုင်ရဲတာတွေကြောင့် အကြမ်းဖက်ခံရတဲ့အမှုတွေဟာ တိုင်ကြားသူ မရှိဘဲ တိမ်မြုပ် ပျောက်ကွယ်နေတာကလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒေါ်ခင်လေးကတော့“မတိုင်လည်း အကြမ်းဖက်မှုဖြစ်နေမှာပဲ။ တိုင်လည်း ဖြစ်နေမှာပဲ။ ဒါပေမယ့် လူတယောက်က သူလုပ်နေတဲ့ အမှားကို သူမသိဘူး။ တိုင်လိုက်သည်ရှိသော် အနည်းဆုံး ငါဒီလိုလုပ်တာ မှားပါလားပေါ့။ တိုင်လို့ ရပ်ကွက်ခေါ်ယူ ဆုံးမ၊ သတိပေးတာတွေ လုပ်ရင် သူဆင်ခြင်နိုင်တာပေါ့”လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် အိမ်တွင်းအကြမ်းဖက်မှုမှ ထိရောက်စွာ ကာကွယ်ပေးတဲ့ သီးသန့် ဥပဒေ မရှိသေးတဲ့အပြင် လက်ရှိလွှတ်တော်ကို ရောက်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ(PoVAW)ကလည်း ပေါ်ထွက်မလာသေးပါဘူး။ဒီဥပဒေထွက်ပေါ်လာရင်တော့ အမျိုးသမီးအကြမ်းဖက်ခံရတာတွေအတွက် တစုံတရာ အကာအကွယ်ပေးနိုင်မယ်လို့ ယူဆပါတယ်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး ကတော့ သူတို့ဌာနအနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို သတင်းပို့တိုင်ကြားနိုင်ဖို့အတွက်၂၄ နာရီ Help Line ဝန်ဆောင်မှုလုပ်ဆောင်ပေးထားတယ်လို့ ပြောပါတယ်။ အကြမ်းဖက်ခံရသည့် အမျိုးသမီးတွေကို ယာယီလက်ခံစောင့်ရှောက် ပေးနိုင်ဖို့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယားပြည်နယ်နဲ့ မုံရွာမြို့တို့မှာ One Stop Women Support Center တွေ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ရေးသူ- ရှင်ငြိမ်း hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024