ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကိုတရားစွဲရခြင်းဖြစ်ဟု ကိုအောင်ကြီးပြော
နေဖြိုးဝင်း
·
December 18, 2020
ဂုဏ်သိက္ခာအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုတာဖြစ်တယ်လို့ ဗစ်တိုးရီးယားအမှုသံသယတရားခံ ယာဉ်မောင်း ကိုအောင်ကြီးက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ နေ့က အမှုကနေ တရားရှင်လွှတ်မြောက်ခဲ့တဲ့ ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကြီးက အခုလို ပြောတာပါ။
ကိုအောင်ကြီးအနေနဲ့ ဗစ်တိုးရီးယားအမှုမှာ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရတဲ့အတွက် လျော်ကြေးနဲ့ နစ်နာကြေး ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကိုတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီး ကိုအောင်ကျော်မိုး(ခ)အောင်ကြီးက “ ကျနော့်ဂုဏ်သိက္ခာတစ်ခုလုံး မိသားစုရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးပေါ့ အဲဒါနဲ့ပတ်သက်ပြီးတော့ အခုလို အဘ(ရှေ့နေ)နဲ့ တိုင်ပင်ပြီးတော့ သားတို့ ဂုဏ်သိက္ခာပြန်ပြီးတော့ အဖတ်ဆယ်ဖို့အတွက် ပြန်လုပ်ပေးပါပေါ့။ ပြန်ကူညီပေးပါဆိုပြီး အကူအညီတောင်းတယ်။ အဘ(ရှေ့နေ)ကို လုပ်ခိုင်းတယ်ပေါ့။ အခု အဘ(ရှေ့နေ)ချပေး တဲ့ လမ်းစဉ်ကိုပဲ လိုက်တယ် ” လို့ ပြောပါတယ်။
ဒီအမှုကို ဒီဇင်ဘာလ ၈ ရက်နေ့က ဒက္ခိဏသီရိခရိုင်တရားကနေ တရားမကြီးအမှုအမှတ် ၃၁၂/၂၀၂၀ နဲ့ လက်ခံ လိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကို စတင်စိစစ်တာဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီ ၁၅ နေ့ကို ဒုတိယရုံးချိန်းအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ကို ဆင့်ခေါ်ထားတယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
“ ကျနော်တို့ကတော့ စွဲထားတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သူ့ရဲ့ ဦးစီးဦးဆောင်က ရဲချုပ်ဖြစ်လို့ ရဲချုပ်ကို ဆင့်တာ။ အဲတော့ သူကတော့ တစ်ယောက်ကို တာဝန်ပေးချင် ပေးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူလာမယ်။ သူလာမယ့် နေ့က ဇန်နဝါရီ ၁၅ ရက်၊ ၁၅ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆင့်စာရောက်သွားမှာပေါ့။ ငြင်းချက်သံမန်စာရောက်သွားတဲ့အခါ ဥပဒေအရ လုပ်ထုံးလုပ်နည်းအရကတော့ ဆင့်ခံရတဲ့ တရားပြိုင်က ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်းကောင်း၊ ရှေ့နေသော်လည်းကောင်း အဲဒီနေ့မှာ လာရမှာပေါ့။ လာ ပြီးတော့ သူ့သဘောထားကို တင်ပြရမယ်။ ချေပလွှာတစ်ခါတည်းပါချင်ပါတယ်။ မပါရင်လည်း နောက်ရုံးချိန်းမှာ ချေပလွှာတင်မယ်။ တကယ်လို့ လိုအပ်ရင် သူမေးချင်တဲ့ မေးခွန်းတွေရှိရင်လည်း မေးမယ်ပေါ့၊ မေးခွန်းလွှာတွေ ဘာတွေ တင်မှာပေါ့၊ အဲဒီနေ့ကတော့ ရောက်လာပြီးတော့ ချေလွှာတော့ ချက်ချင်းတင်လေ့မရှိပါဘူး ”လို့ ပြောပါတယ်။
အခုလို အစိုးရအဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုတာမျိုးကို မဟာဗျုဟာမြောက် တရားစွဲဆိုမှုလို့ ခေါ်ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ရှေ့နေက ဆိုပါတယ်။