နာဂဒေသ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်မံတွေ့ရှိ
DVB
·
December 18, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ဒေသ နန်းယွန်းမြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၂ ယောက် တွေ့ရှိခဲ့ပါတယ်။
အဆိုပါလူနာသစ် ၂ ယောက်ဟာ အစိုးရဝန်ထမ်းတွေဖြစ်ပြီး နန်ယွန်းမြို့ကို တာဝန်နဲ့ ရောက်လာချိန် RDT Test Kit စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ နန်းယွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောပါတယ်။
“အခုကိုဗစ်ပိုးတွေ့ခဲ့လူတွေက မန္တလေးကနေလာတာပါ။ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်။ သူတို့က ရေအားလျှပ်စစ်လုပ်ဖို့ ကွင်းဆင်းလာတဲ့သူတွေ။ သူတို့လာခဲ့တာ မန္တလေး မြစ်ကြီးနားဘက်ကနေ နန်းယွန်းမြို့လာခဲ့တာ”လို့ ပြောပါတယ်။
ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းနေတယ်ပြီး နာဂဒေသမှာ တခြားဒေသတွေ လိုမျိုး အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ဖို့ အခက်အခဲရှိတယ်လို့လည်း နန်းယွန်းဆေးရုံအုပ်ကြီးက ပြောပါတယ်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ဒေသ နန်းယွန်းမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာ ၅ ယောက်ရှိနေပြီဖြစ်ပါတယ်။
အောင်ဆန်းမြင့်