Home
မြန်မာသတင်း
ထိတွေ့ပစ်ခတ်မှုများကြောင့် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်သေး
DVB
·
August 26, 2013
ရှမ်းပြည်မြောက်ပိုင်းဘက်မှာ အစိုးရစစ်တပ်နဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိနေလို့  အစိုးရနဲ့  ဆက်ပြီး မဆွေးနွေးနိုင်ဘူး ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် တလမပြည့်ခင် အတောအတွင်း ထိတွေ့ပစ်ခတ် မှုတွေ ဖြစ်ပွားနေတဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲတွေ မဆက်နိုင်သေးဘဲ ဖြစ်နေတာပါ။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့   တအာင်းတပ်မတော်ဘက်က  ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော် ဦးဆောင်တဲ့အဖွဲ့တို့   ပထမဆုံးအကြိမ် တွေ့ဆုံတုန်းက  နောက်တကြိမ် ဆွေးနွေးမှုကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ  ဩဂုတ်လ ၁၀ ရက်နေ့လောက် တွေ့ဆုံဖို့ ပြောဆိုခဲ့တာပါ။ ဒီကြားထဲ  အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်မယ်လို့   ပြောထားပေမယ့်လည်း  ထိတွေ့မှု ပြန်ဖြစ်ရတာဟာ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအောင်ကိုက ဒီဗွီဘီကို ပြောပါတယ်။ “စစ်ပွဲတွေ ဖြစ်နေတော့ ကျနော်တို့ နှစ်ဖက်ကြားမှာရော၊ လာမယ့် ဒုတိယအကြိမ် နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ရော၊ ဒီကြားထဲမှာ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလတွေကို အများကြီး ထိခိုက်စေတယ်။” ဒီလအတွင်း  ၇ ရက် နဲ့  ၁၂ ရက်နေ့တွေမှာ  ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ထဲမှာ ထိတွေ့ ပစ်ခတ်မှု ၂  ကြိမ်  နဲ့ ၂၄ ရက်က နမ့်ခမ်းမြို့နယ် မိုင်းဝီးမြို့နယ်ခွဲ တုန့်ဟုန်းရွာမှာ တကြိမ်  စုစုပေါင်း ထိတွေ့ ပစ်ခတ်မှု ၃ ကြိမ် ပြန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှု မဖြစ်ပွားခင်က အဲဒီဒေသတ၀ိုက်မှာ တအာင်းတပ်မတော်ဘက်က ကျေးရွာတွေမှာ စည်းရုံးရေးနဲ့  မူးယစ်ဆေးဝါးပပျောက်ရေး လှုံ့ဆော်ပညာပေးရေး ကွင်းဆင်းနေတာဖြစ်ပြီး နယ်မြေထဲဝင်ရောက်လာတဲ့ အစိုးရတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုရှိခဲ့တာလို့ သူက ပြောပါတယ်။ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး  သူတို့ဘက်က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးဘက်ကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးသလို အစိုးရဘက်ကလည်း ဘာမှပြော လာတာမရှိကြောင်း၊ ဒါပေမယ့် ပလောင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ အစိုးရတပ် အင်အား ၂ ထောင်ကျော် ၃ ထောင် လောက်ထဲက  သံလွင်ရေကာတာလုံခြုံရေးတာဝန်ယူနေတဲ့ အဖွဲ့ ၀င်အနည်းငယ်လောက်ဘဲ ပြန်သွားတယ်လို့ မိုင်းအောင်ကိုက ပြောပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦးရဲ့ လက်အောက်ခံတပ်ဖြစ်ပြီး  ၂၀၀၅ ခုနှစ်က  ထိုင်း-မြန်မာနယ်စပ်မှာ ဖွဲ့စည်းခဲ့ကာ  ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်မြို့နယ်ထဲမှာ ပြန်လှုပ်ရှားနေတာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024