ကိုဗစ်-၁၉ ရောဂါစုံစမ်းရေးအဖွဲ့ကို တရုတ်ကြိုဆို

512
ကိုဗစ်-၁၉ရောဂါစုံစမ်းရေး နိုင်ငံတကာအဖွဲ့ကို တရုတ်အစိုးရက ကြိုဆိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဇစ်မြစ်စုံစမ်းဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေဟာ တရုတ် ဆန့်ကျင်ရေး တောင်းဆိုချက်တွေ ဖြစ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် တရုတ်အစိုးရက ကန့်ကွက်လာတာပါ။ ဒါပေမဲ့ အခုတော့ တရုတ်အစိုးရက WHO ဦးဆောင်တဲ့ စုံစမ်းရေးကို ခွင့်ပြုလိုက်ပါပြီ။
နိုင်ငံတကာစုံစမ်းရေးအဖွဲ့ဟာ သူတို့သွားရောက်မယ့် နေရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ WHO က တရုတ်အစိုးရနဲ့ ဆက်လက်ဆက်သွယ်နေတယ်လို့ WHO ရဲ့ အနောက်ပစိဖိတ် ဒေသအရေးပေါ်လုပ်ငန်း ဒါရိုက်တာက ပြောဆိုခဲ့ပါတယ်။
တရုတ်ဟာ ရောဂါဖြစ်ပွားမှု အတိုင်းအတာကို ဖုံးကွယ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမေရိကန်နိုင်ငံကတော့ WHO ဦးဆောင်တဲ့ စုံစမ်းရေး ပွင့်လင်းမြင်သာမှု ရှိဖို့ တောင်းဆိုထားပြီး ကနဦးသုတေသနပထမအဆင့်ကို တရုတ်ပညာရှင်တွေကို ပြုလုပ်ခွင့်ပေးတဲ့ WHO သတ်မှတ်ချက်တွေကို ဝေဖန်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။