A d v e r t i s e m e n t With Us

မိုင်းလားနှင့် ပန်ဆန်းသို့ ခရီးသွားခဲ့သူ တရုတ်အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မြန်မာနိုင်ငံ မိုင်းလားနဲ့ ပန်ဆန်းကို ခရီးသွားခဲ့တဲ့ တရုတ်နိုင်ငံသား အမျိုးသမီး တစ်ယောက်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ကြေညာပါတယ်။ အဆိုပါပိုးတွေ့လူနာ အမျိုးသမီးရဲ့ ခရီးသွားရာဇဝင်ကိုလည်း  မိုင်းလားအထူးဒေသ ၄ ကထုတ်ပြန်ထားပါတယ်။ တရုတ်အမျိုးသမီးတဦးဟာ စက်တင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ မိုင်းလားမှာ သုံးလနေထိုင်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ မိုင်းပေါက် သို့ ခရီးဆက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပန်ဆန်း မှတဆင့် နေ့ချင်းပေါက် တရုတ်နိုင်ငံ သို့ ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ‘ဝ’တပ်ဖွဲ့ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက "မှန်ပါတယ်။ ပိုးတွေ့လူနာဟာ ညအိပ်မတည်းခဲ့ပဲ ပန်ဆန်းကနေဖြတ်သွားတာပါ။ ‘ဝ’ အထူး‌ ဒေသ ပန်ဆန်းမြို့အဝင်မှာ ကိုဗစ်ရောဂါကြိုတင်ပြင်ဆင်မှု၊ ကာာကွယ်တားဆီးမှုတွေ တင်းတင်း ကြပ်ကြပ်လုပ်ခဲ့ပေမယ့်  ခိုးလမ်းကနေဝင်တာလည်းရှိနိုင်ပါတယ်" လို့ ပြောပါတယ်။ လက်ရှိမှာ ပန်ဆန်းမှာလည်း ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းလည်းရှိတာကြောင့် စိုးရိမ်စရာမရှိသလို ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ထူးခြားမှုတစုံတရာမတွေ့ရသေးပါဘူးလို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူး‌ဒေသ (၄) မိုင်းလားကတော့ ပိုးတွေ့အမျိုးသမီးနဲ့ ထိစပ်ခဲ့သူ ၁၀ ဦးရဲ့ တို့ဖတ်နမူနာတွေကို တရုတ်နိုင်ငံ၊ မိုင်းဟိုင်းခရိုင် သို့ပေးပို့စစ်ဆေးရာမှာတော့ ပိုးမတွေ့ရဘူးလို့ ဒီဇင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အထူး‌ဒေသ (၄) မိုင်းလားဒေသအတွင်း သို့ တရားမဝင် ဝင်ရောက်လာသူတွေကို တွေ့ရှိခဲ့သူတွေအနေနဲ့ သတင်းပေးတိုင်ကြားပါက ဆုငွေပေးမယ် လို့ ကြော်ငြာထားသလို မမှန်မကန်သူတပါးကို ချောက်တွန်းပြီးတိုင်ကြားပါကလည်း ပြင်းထန်စွာ အရေးယူမယ်လို့ လည်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာထားပါတယ်။ ဓာတ်ပုံ  Mongla News

A d v e r t i s e m e n t With Us

More News
Up