စပါးအသင်း လီဗာပူးကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံး ၊ ခွဲခြားဆက်ဆံခံရဟု စပါးနည်းပြ မော်ရင်ဟိုပြော

446
ဒီမနက်အစောပိုင်းကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာပါတယ်။
ဇယားထိပ်က အသင်းအချင်းချင်း တွေ့ဆုံတဲ့ ပွဲမှာ ပထမပိုင်းပွဲချိန် ၂၆ မိနစ်မှာ ဆာလာက လီဗာပူးအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး စပါးအသင်းအတွက်ချေပဂိုးကိုတော့ ဆွန်ဟောင်မင်က ၃၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီး မိနစ် ၉၀ မှာသွင်းယူခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဖာမင်နိုရဲ့နောက်ကျ ခေါင်းတိုက်ဂိုးက ဒီပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တာပါ။
ဒီပွဲမှာ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းပဲရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရခဲ့ပါ တယ်။ ဒါဟာ လီဗာပူးဘက်က ၁၁ ကြိမ်ဂိုးပေါက်တည့်မှုထက် များစွာ ကွာဟနေပါတယ်။
စပါးကစားသမားတွေဖြစ်တဲ့ ကိန်းနဲ့ဘာ့ဂျ်ဝင်းတို့သာ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို မဖြုန်းတီးခဲ့ဖူးဆိုရင် ပွဲရလဒ်ဟာ စပါးအနိုင် ဒါမှမဟုတ် သရေအထိ ဖြစ်သွားနိုင်ပါတယ်။
ဒီပွဲအပြီးမှာ ကလော့ပ်နဲ့မော်ရင်ဟိုနဲ့ ကွင်းဘေးစည်းမှာအပြန်အလှန်စကားပြောဆိုမှုရှိ ခဲ့ပါတယ်။
ဒီအချိန်မှာ ဘာတွေ ပြောကြလဲ မော်ရင်ဟိုကို မေးမြန်းခဲ့ရာမှာ စပါးအသင်းက အနိုင်ရဖို့ ထိုက်တန်မှု ရှိခဲ့တယ်ဆိုတာနဲ့ နည်းပြတွေကို ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့ အကြောင်းပြော ဖြစ်ခဲ့တယ်လို့ ပြန်ဖြေပါတယ်။
“ပိုကောင်းတဲ့ အသင်းက ရှုံးခဲ့တယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ ဒါကို ကလော့ပ်က လက်မခံခဲ့ ပါဘူး။ ဒါဟာ သူ့အမြင်ပေါ့။ ကျနော်သာ ကွင်းဘေးစည်းမှာကလော့ပ်လို လုပ်ခဲ့မယ်ဆိုရင် ကျနော် ဆက်နေလို့ရမှာ မဟုတ်ပါဘူး။ ဒါဟာ တခြားမန်နေဂျာတွေနဲ့ ဘာလို့မတူလဲ ဆိုတဲ့ အကြောင်းပြချက်ပါ” လို့ မော်ရင်ဟိုကပြောပါတယ်။
BBC ရဲ့ မေးမြန်းမှုမှာလည်း မော်ရင်ဟိုက “ကလော့ပ်နဲ့သူ့နည်းပြအဖွဲ့ဝင်တွေ ဟာလိုဆယ်လို့ကို ဒုတိယအဝါကတ်ပြဖို့ အတင်းဖိအားပေးခဲ့တယ်လို့ပြောပါတယ်။ ပွဲတွေက အမြဲတမ်းထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ ဒါဟာ မမျှတတဲ့ ရလဒ်လို့ ထင်ပါတယ်။ သူတို့က ဒီလိုဖြစ်ဖို့ ကွင်းဘေးမှာ ဒိုင်ကိုပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ပါတယ်။ ဒါ့ကြောင့် လူစားလဲ လိုက်ရတာပါ” လို့လည်း ပြောပါတယ်။
ဒီပွဲမှာ ရှုံးခဲ့တာကြောင့် မော်ရင်ဟိုရဲ့စပါးအသင်းဟာ ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရောက်ရှိသွားပြီး လီဗာပူးကရမှတ် ၂၈ မှတ်နဲ့ စပါးကို ၃ မှတ်အထိ ဖြတ်ကာ ထိပ်ဆုံးကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။