Home
မြန်မာသတင်း
အမြွှာကလေးငယ်၂ ဦးကို ရွာမှနှင်ထုတ် အသတ်ခံရမည့်ဘေးက ကယ်တင်နိုင်
ပိုင်စိုး
·
December 16, 2020
ကလေးအမြွှာမွေးရင် သတ်ပစ်ပြီး မိဘတွေကိုပါ ရွာကနှင်ထုတ်တဲ့ဓလေ့ရှိတဲ့ ရှမ်းပြည်နယ် ရွာတရွာက အမြွှာကလေးငယ်တွေကို မြို့နယ်တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရွာကလက်ခံအောင် ကယ်တင်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် နန့်မွဲရွာက လူငယ်လင်မယားဟာ နိုဝင်ဘာ ၁၉ ရက်ညက    ဆေးရုံမှာ အမြွှာမွေးပြီးနောက် စွန့်ပစ်ထားဖို့ကြံစည်ခဲ့ပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝေလင်းဗိုလ်က “အမြွှာလေးဆိုတော့ ဒါကတော့ လပ်ကီးပဲပေါ့ ဆိုပြီး ခွဲခန်းထဲမှာ ပြောဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေက ဆရာသူတို့အတွက်ကတော့ ဟုတ်မှာ မဟုတ်ဘူး။ သူတို့မှာ ဒီလိုရှိတယ်။ ဆရာမယုံရင် စောင့်ကြည့် ဆိုပြီးပြောတယ်။ တကယ်လည်း ဟုတ်တယ်။ ကလေးရဲ့အဖွားရော၊ အဖေရောက ကလေးအနားကို မကပ်ကြဘူး။ မအေကလည်း နို့မတိုက်ဘူး” လို့ ပြောပါတယ်။ သူတို့ အယူအဆအရ အမြွှာမွေးလာသူတွေဟာ မကောင်းဘူးဆိုတာကြောင့် ဆေးရုံမှာမွေးပြီးရင် တခြားသူတွေကို မွေးစားဖို့ ပေးခဲ့ကြတယ်လို့ သိရကြောင်းလည်း သူကပြောပါတယ်။ ဒီရက်တွေမှာ သူနာပြုဆရာမတွေကပဲ နို့ဘူးတိုက်ခဲ့ကြရပြီး သူတို့နားလည်လာအောင် ဖုန်းထဲကနေ အမြွှာပုံတွေပြတာ၊ ရှင်းပြတာတွေ လုပ်ကြရတယ်လို့ ဆိုပါတယ်။  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်ကျော့ဆွေက “အဲနေ့က ဝုန်းဆန်နေတာပဲ။ ကလေးအမေရော၊ ကလေးအဖွားရောက ဒီကလေးတွေကို မယူတော့ဘူး၊ မမွေးတော့ဘူးပြောတာ။ အဖေကလည်း မယူဘူးပေါ့။ သူတို့ကလေးကို ဂရုမစိုက်ကြဘူး။ ၂ ရက်လောက် နို့လည်း မတိုက်ဘူး” လို့ ပြောပါတယ်။ ကလေးမိဘတွေဟာ အသက် ၁၆ နှစ်ပဲ ရှိသေးသလို သမီးအမြွှာ ၂ ယောက်ဖြစ်ပြီး သားဦးဖြစ်လို့ မွေးဖွားရခက်တာကြောင့် ခွဲမွေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက ကလေးအမြွှာမွေးရင် တယောက်က နတ်ဆိုးပါတယ်ဆိုတဲ့ အယူအဆကြောင့် သူတို့တွေရဲ့ ဘိုးဘွား လက်ထက်ကတည်းက သတ်ပစ်လေ့ရှိသလို မိဘတွေဆီက ပစ္စည်းတွေအားလုံးသိမ်းပြီး ရွာက နှင်ထုတ်လေ့ရှိကြတယ်လို့ ပြောပါတယ်။ “သူတို့ အဘိုးအဘွားတွေလက်ထက်ကဆိုရင် ကလေးပါးစပ်ထဲက ပြာတွေထည့်ပြီး သတ်ပစ်ကြတာ။ အသက်ရှူမရဖြစ်အောင်လုပ်တာပေါ့။ တချို့က တောထဲမှာ ကျားစာကျွေးတယ်။ တချို့က ဆုံထဲ ထည့်ထောင်းတာ။ နွားဆိုရင်လည်း အမြွှာမွေးရင် သတ်တာပဲ။ လက်ပွားပါတဲ့ ကလေးတွေကိုလည်း အဲလိုလုပ်တာတဲ့”လို့ ပြောပါတယ်။ မွေးပြီး ၂ ရက်လောက်ကြာမှ ကလေးကို အိမ်ယူသွားမယ်လို့ မိဘတွေက ပြောလာကြပေမယ့် ရွာမှာ ကြဉ်ခံရမှာစိုးလို့ လက်ထောက်ကျန်းမာရေးမှူးကို အဲဒီရွာကို ကွင်းဆင်းစေခဲ့ရတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးတွေ ဆေးရုံက မဆင်းခင် ၂ ရက်အလိုမှာ မြို့ကနေ ၁၃ မိုင်ဝေးတဲ့ အဲဒီရွာကို သွားခဲ့ကြပါတယ်။ ဒေါ်ခင်ကျော့ဆွေက “ကျမက အွန်လိုင်းပေါ်က ကလေးအမြွှာပုံတွေ ဒေါင်းသွားတယ်။ ပြီးတော့ ချစ်သုဝေရဲ့ ကလေး ၂ ယောက် ဗွီဒီယိုတွေပါပေါ့။ သူတို့ရွာက တအားဆင်းရဲတာ။ ရေတောင်မှ ခွက်မရှိလို့ ဘူးသီးခြောက်နဲ့တိုက်တာ။ ရွာကလူတွေကို စုပြီး သူတို့ကို ကလေးအမြွှာတွေဟာ ကံကောင်းခြင်းလက်ဆောင်ပါလို့ ပြောပြတယ်။ ကလေးပုံတွေကို ပြတယ်။ ကျမဆီက သားဖွားဆရာမရဲ့ သမီးပုံတွေကို ပြတယ်။ အမြွှာမွေးလို့ ဘာမှမဖြစ်ပါဘူးဆိုတာရှင်းပြတယ်။ ပြီးတော့ ကလေးမွေးရင် အစိုးရက ထောက်ပံ့တဲ့အကြောင်း၊ ၂ ယောက်မွေးလို့ ၂ ဆ ရမယ့်အကြောင်း ပြောပြတယ်” လို့ ဆိုပါတယ်။ ရဲဌာနက ရဲအုပ်တယောက်လည်း ပါတာကြောင့် ဥပဒေအရ ကလေးတွေကို ဒီလိုလုပ်တာမျိုးကို လက်မခံဘူးဆိုတာကိုလည်း ရှင်းပြခဲ့တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “အယူအဆဆိုတာက တကြိမ်တည်းနဲ့တော့ မပျောက်နိုင်ဘူးဆိုတာတော့ သိပါတယ်။ ရွာက ခေါင်ပေမယ့် အခုခေတ်မှာတော့ လူငယ်နဲ့ လူကြီးအမြင်လွန်ဆွဲတာတွေ ရှိနေပြီ။ အဲဒီက အိမ်ခြေ ၈၀ မှာ နတ်စားတာက ၂၃ အိမ်ပဲ ကျန်တော့တယ်လေ။ အဆင်ပြေမယ်တော့ မထင်ခဲ့ဘူး။ မရရင်တော့ ကျနော်မွေးစားမယ်ဆိုပြီး ပြောခိုင်းထားတာ” လို့ ဆိုပါတယ်။ ခွဲမွေးပြီး ၇ ရက်အကြာမှာ ဆေးရုံက ဆင်းခွင့်ရတော့ ဆိုင်ကယ်တစီးတည်းနဲ့ ပြန်ဖို့ လုပ်နေကြတာကြောင့် မြို့နယ်ဆရာဝန်ကြီးက ကားငှားပေးဖို့ စီစဉ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးက သိသွားပြီး သူ့ကားနဲ့ လိုက်ပို့ခဲ့တယ်လို့ ဒေါ်ခင်ကျော့ဆွေက ပြောပါတယ်။ ဦးကောင်းမြင့်သူက “ကလေးအတွက် နို့မှုန့်ဘူးတွေရော၊ တခြားပစ္စည်းတွေရောနဲ့ ဆိုင်ကယ်တစီးတည်းနဲ့ ပြန်ဖို့လုပ်နေကြတယ်ဆိုတော့ ကျနော့်ကားနဲ့ ပို့ပေးလိုက်တာ။ ပြီးတော့ သူတို့ဆီကို ဒီလို ကလေးပို့ဖို့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ကားနဲ့ လာပို့တာဆိုတော့ သူတို့အတွက် ထူးဆန်းနေတာပေါ့။ ဒု မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင် သွားပို့တာပါ” လို့ ပြောပါတယ်။ ဌာနဆိုင်ရာတွေက တကူးတက လာရောက်ရှင်းပြတာတွေကြောင့် သူတို့အနေနဲ့ လက်ခံကြတာ ဖြစ်မယ်လို့လည်း ဆိုပါတယ်။ ရွာနဲ့လည်း အမြဲ အဆက်အသွယ်လုပ်နေပြီး လက်ရှိအချိန်အထိတော့ ကလေးတွေရဲ့ ကျန်းမာရေး ကောင်းနေသလို ရွာမှာ နေထိုင်ရတာ အဆင်ပြေကြောင်း သိရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးမှူးတို့က ပြောပါတယ်။ အခုတော့ ကလေးနဲ့ မိဘတွေအတွက် အလှူငွေတွေပေးလာတာတာရှိလို့ ကော်မတီဖွဲ့ပြီး လက်ခံနေတယ်လို့လည်း ပြောပါတယ်။ ရလာတာတွေကို ဒီကြားထဲမှာ တခေါက်သွားပေးထားပြီး ကလေးမိဘတွေဘက်ကလည်း မပြည့်စုံတာတွေရှိလို့ အနွေးထည်လိုတာမျိုးတွေကို ပြောပြ လာတယ်လို့ ဆိုပါတယ်။ မိုင်းခတ်မြို့နယ်ထဲမှာ နတ်ကိုးကွယ်ပြီး အမြွှာမွေးရင် မကောင်းဘူးလို့ ယူဆတဲ့ရွာ ၆ ရွာ၊ ၇ ရွာလောက်ကျန်သေးတာကြောင့် အဲဒီနတ်စားရွာတွေကို ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီး ပညာပေးဖို့ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြို့နယ် ဆရာဝန်ကြီးကလည်း လာမယ့် တနင်္ဂနွေနေ့မှာ အဲဒီရွာကို ဆေးကုသရေးခရီး စီစဉ်ထားပြီး နောက်လည်း ဒီလိုရွာတွေမှာ အမြွှာမွေးလာရင် ပညာသင်ပေးနိုင်တဲ့အထိ ထောက်ပံ့နိုင်အောင် ရန်ပုံငွေထူထောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ -ဦးကောင်းမြင့်သူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024