Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းပါဝင်မည်ဟု TNP ပါတီအကြောင်းပြန်
DVB
·
December 16, 2020
အန်အယ်လ်ဒီပါတီဖော်ဆောင်မယ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့  လားရှိုးခရိုင် အန်အယ်လ်ဒီပါတီရုံးကို ဒီဇင်ဘာ ၁၅ ရက်နေ့က စာနဲ့ အကြောင်းပြန်ခဲ့တယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦး‌ကျော်အောင်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဖိတ်ခေါ်စာကို ဒီဇင်ဘာ ၁၁ နေ့မှာ ကောင်းမွန်စွာလက်ခံရရှိပြီး၊ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးကိစ္စ အကြောင်းအရာနဲ့ ပတ်သက်လို့ စာရေးသားပြီး အကြောင်းပြန်ခဲ့တယ် လို့ သိရပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေမှအပ နိုင်ငံတဝန်းလုံးမှာ အများစုအနိုင်ရပြီး လာမယ့် အစိုးရအဖွဲ့အစည်းကိုလည်း ဦးဆောင်ပြီး ဖွဲ့စည်းနိုင်မှာဖြစ်တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါကြောင်း  တအာင်း(ပလောင်)အမျိုးသားပါတီရဲ့စာမှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ မိမိတို့ တိုင်းရင်းသားပါတီတွေနဲ့ ရည်မှန်းချက်တူညီတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ အကြောင်းပြန်တာလည်းတွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တအာင်း(ပလောင်)အမျိုးသားပါတီဟာ လွှတ်တော် နေရာပေါင်း ၃၆ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အန်အယ်လ်ဒီပါတီဗဟိုက ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့  အင်ထုံးခါးနော်ဆန်တို့ ၃ ဦးကို  ရွေးချယ်တာဝန်ပေးထားပါတယ်။ သတင်း- နန်းစပယ်/ ဓာတ်ပုံ- TNP
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024