လယ်သမားများ၏ လယ်ယာမြေကို သိမ်းယူမည်မဟုတ်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကတိပေး

437
အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက သူ့အစိုးရရဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဒီဇင်ဘာ ၁၅ ရက်က ကျောထောက်နောက်ခံပေးလိုက်ပါတယ်။
ဆန္ဒပြသူတွေဟာ စိုက်ပျိုးရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး အလွဲသတင်းပေးတာ ခံခဲ့ရလို့ ဆန့်ကျင်နေတာလို့လည်း မိုဒီက ပြောလိုက်ပါတယ်။
ဥပဒေသစ်အောက်မှာ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို သူတို့ဆီကနေ သိမ်းယူမှာ မဟုတ်ဘူးလို့ မိုဒီက ဂူဂျာရတ်ပြည်နယ်မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။ လယ်သမားတွေ နားလည်မှု ရှုပ်ထွေးကုန်အောင် အကြီးအကျယ် လျှို့ဝှက်ပူးပေါင်း ကြံစည် လုပ်ဆောင်ထားတာ ရှိနေတယ်လို့လည်း မိုဒီက ပြောပါတယ်။
ကြမ်းခင်းဈေး သတ်မှတ်ရောင်းချနိုင်ပြီး အစိုးရက စည်းမျဉ်း သတ်မှတ်ပေးထားတဲ့ လက်ကားဈေးတွေမှာသာမကဘဲ ဝယ်သူတွေဆီကိုပါ ကုန်စည်တွေ တိုက်ရိုက်ရောင်းခွင့်ပြုတဲ့ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းကို ပြန်ရုပ်သိမ်းပေးဖို့ လယ်သမားတွေ ဆန္ဒပြနေတာပါ။
စပါးနဲ့ ဂျုံလို ကောက်ပဲသီးနှံတွေအတွက် ကြမ်းခင်းဈေး သတ်မှတ်ချက် မရှိတော့တဲ့အခါ ဝယ်သူစိတ်တိုင်းကျ ရာဖြတ်လုပ်တာ ခံရမှာကိုလည်း သူတို့က စိုးရိမ်နေပါတယ်။
ဥပဒေ ၃ ရပ် ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ လယ်ယာထွက်ကုန်တွေကို သိုလှောင်တာ၊ ဈေးနှုန်းသတ်မှတ်တာနဲ့ ရောင်းချတာ စတဲ့ ၃ ဆင့်မှာ စည်းမျဉ်းတွေကို ဖြေလျှော့ထားပြီး စက်တင်ဘာ ၃ ရက်မှာ အသက်ဝင်ပါတယ်။
ပန်ဂျပ်ပြည်နယ်နဲ့ နယ်နီးချင်း ဟာယာနပြည်နယ်တွေက လယ်သမားတွေဟာ အစိုးရရဲ့ စိုက်ပျိုးရေး ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြနေတာ သီတင်းပတ် ၃ ပတ် ရှိနေပါပြီ။
သူတို့ဟာ မြို့တော် နယူးဒေလီနဲ့ ပတ်ဝန်းကျင်မှာ သပိတ်စခန်းတွေဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာတော့ တရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရ အရာရှိတွေနဲ့ လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကြား ၆ ကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာလည်း ဒီကိစ္စရပ်တွေကို မဖြေရှင်းနိုင်ခဲ့လို့ မိုဒီအစိုးရအတွက် ဖိအားအများဆုံး ကိစ္စ ဖြစ်လာနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။