Home
ဆောင်းပါး
စစ်ကိုင်း ဦးဘိုးသင်း စာဆိုမင်း ကွယ်လွန်ခြင်း ၄၇ နှစ် 
DVB
·
December 16, 2020
ဖာတလုံးခေါင်းကြား ငမဲကျွန် ဖလ်ဂူ့ရှင် ခေတ်ပြင်ဝတ္ထု၊ လူနေမှုများ ပြုစုရေးသား၊ ထူးခြားဆန်းပြန် နောက်ခံသမိုင်း၊ သိုင်းဝိုင်းရေးသူ စာဆိုလူထူး၊ “စစ်ကိုင်းဦးဖိုးသင်း” ကွယ်လွန်ခြင်းရဲ့၊ လေးဆယ့်ခွန်နှစ်နှစ် ကြာပြီဖြစ်လဲ၊ သစ်နေဆဲပါ သူ၏စာများ၊ ပြည်သူကြားတွင် ထင်ရှားပေါ်လွင်နေတုန်းကို ။ ။  စာရေးဆရာကြီး၊ စာပြုဆရာကြီး၊ ဆရာကြီး စစ်ကိုင်းဘိုးသင်းဟာ ၁၃၃၅ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁ ရက် (၁၉၇၃ ခု၊ ဒီဇင်ဘာလ ၁ဝ ရက်) အသက် ၈၃ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သက်တော်ရှည် စာဆိုကြီး တဦးဖြစ်ခဲ့သူပါ။   စစ်ကိုင်း ဦးဖိုးသင်း ကွယ်လွန်ချိန်မှာ သူ့ရဲ့ ဝတ္ထုနဲ့ ကျမ်းစာအုပ် ၉၀ ကျော် ထုတ်ဝေခဲ့ပြီး မထုတ်ဖြစ်သေးတဲ့ စာအုပ် ၂၀ ကျော် ကျန်ရှိနေတယ်လို့ သူ့ရဲ့ “ငမဲကျွန်” ဝတ္ထုစာအုပ်မှာ ဖော်ပြထားပါတယ်။ “ငမဲကျွန်” ဝတ္ထုဟာ ၁၉၅၄ ခုက စာပေဗိမာန်ဆု ချီးမြှင့်ခံရတဲ့ဝတ္ထု ဖြစ်ပြီး၊ ၁၉၃၈ ခုကရေးတဲ့ သူ့ရဲ့“ဖာတလုံးခေါင်းကျား” ဝတ္ထုဟာလဲ ထင်ရှားပြီး ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်ဟာ သူ့ရဲ့ ကွယ်လွန်ခြင်း ၄၆ နှစ် ပြည့်ပေါ့။  “ကျွန်ုပ်ရေးသော ဝတ္ထုများမှာ  အများအားဖြင့် ခေတ်ပြင် ဝတ္ထုတို့သာ ဖြစ်နေ၍ . . . “   (စစ်ကိုင်းဦးဖိုးသင်း) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိ စာ ၁၅၄ မှ . . . စစ်ကိုင်းဦးဖိုးသင်းကို မင်းတုန်းမြို့မှာ မွေးပေမဲ့ စစ်ကိုင်းမှာ အနေများလို့ စစ်ကိုင်းဦးဖိုးသင်း ကလောင်အမည် တွင်နေတာပါ။ သူ့မှာ “ရွှေချိုးဖြူ” ကလောင်ခွဲ တခုလည်း ရှိပါတယ်။ သူဟာ သတ္တိရှိစေတဲ့၊ ယုတ္တိမတန်တဲ့ရှေးရိုးရာအစွဲတွေကို ဆန့်ကျင်တဲ့ သစ်လွင်တဲ့ စာတွေ၊ မတရားမှုတွေကို တွန်းလှန်တဲ့ စာတွေအရေးများတယ်။ ခေတ်ပြင်ဝတ္ထုတွေပေါ့။ စစ်ကိုင်းဦးဘိုးသင်း “ကိုယ်တိုင်ရေး အထ္ထုပ္ပတ္ထိ” က သူ့စာ တပုဒ်ကိုကြည့်ပါဦး. . . ။  “ကျွန်ုပ်၏ ကလေးဘဝအကြောင်း စဉ်းစားမိလျှင် မှတ်မိသည်ကစ၍ အရီးနှင့်သာ အိပ်လေ့ရှိရာ အရီးက ပုံဝတ္ထုများ ပြော၍ သိပ်လေ့ရှိသည်။ အရီးက ရှင်ဘုရင် ဆင်းရဲသားများကို နှိပ်စက်သည့်အကြောင်း လူချမ်းသာများ လူဆင်းရဲ တို့ကို နှိပ်စက်သည့်အကြောင်းတို့အပြင် တစ္ဆေ၊ သူရဲ၊ ပြိတ္တာများအကြောင်းတို့ပင် ပြောပြသည်။ အရီးက ပြောရာ၌ နှိပ်စက်သည့် ဂုဏ်ရှင်များကို နှိပ်စက်ခံများက တွန်းလှန် ပြန်အနိုင်ယူကြောင်းများစွာ ပါဝင်သည့်အပြင် လူနှင့်တစ္ဆေ သရဲ၊ သဘက် သတ်ပုတ်ရာ၌ လူကနိုင်ကြောင်း၊ လူသည် မကောင်းဆိုးဝါးတို့နှင့် တွေ့သောအခါ ညာဖက်လက်ဆန့် ၍ (ငါဟယ်)ဟု ကြိမ်းပက ထိုမကောင်းဆိုးဝါးတို့သည် လူ့လက်အောက်သို့ ရောက်ပြီးသော် ၁ တောင်လောက်သာ ရှိတော့ကြောင်း၊ မကောင်းဆိုးဝါးတို့မှာ ဦးထုပ်ရှိကာ ထိုဦးထုပ်ကို ယူပြီး လူတွင်ဆောင်းပါက လူသည် ကိုယ်ပျောက် သည့်အကြောင်းတို့ကို များစွာပြောလေသည်။ ထို့ပြင် လူနှင့်မြွေ၊ လူနှင့်သစ်၊ ကျား၊ ဝက်ဝံ၊ ဝံထီးတို့နှင့် တွေ့သော အ ခါ လူတို့ကသာ နိုင်ကြောင်းတို့လည်း ပြောပြလေသည်။ လူနှင့် ဥစ္စာစောင့်တွေ့သောအခါ ဓားနှင့် ခုတ်သတ်လိုက်က ဉစ္စာစောင့်က ရွှေတုံးကြီး ဖြစ်ကျန်ခဲ့သော ဝတ္ထုများကိုလည်း ပြောပြလေသည်။  အရီး၏ ပုံဝတ္ထုများကြောင့် တစ္ဆေ သူရဲ သူဘက် ဘီလူး ပြိတ္တာ ဉစ္စာစောင့် နတ်တို့ကို လုံးဝမကြောက် နာနာဘာဝတို့၏ ဦးထုပ်ကိုလိုချင်၍ ကျွန်ုပ်သည် သူတို့ကို လိုက်ရှာနေသေးသည်။ သူတို့ရှိသည်ဆိုသော နေရာများတို့သို့ ကျွန်ုပ် သင်းတို့နှင့် တွေ့လို၍ ညနက် သန်း ခေါင်မရွေး တယောက်တည်း သွားခဲ့လေ့ရှိသည်။ အဘယ့်ကြောင့် သင်းတို့ကို တွေ့လိုသနည်း။ ကျွန်ုပ် ကိုယ်ပျောက် ချင်၍ သင်တို့ထံမှ တစ္ဆေဦးထုပ် လိုချင်သောကြောင့်ဖြစ်သည်။  ကျွန်ုပ်သည် အဘယ်ကြောင့် ငယ်ငယ်က ကိုယ် ပျောက်ချင် သနည်း။ မတရားနှိပ်စက်သော ဂုဏ်ရှင်၊ အစိုးတရ ရှိသူများတို့ကို နှိပ်ကွပ်ကာ အနှိပ်စက်ခံရသူများကို ကယ်ဆယ် ချင်သောကြောင့်ဖြစ်သည်။ မတရား စီးပွားရှာ ချမ်းသာနေသောသူများထံမှ ပစ္စည်းတို့ကိုယူပြီး ဆင်းရဲသူ များထံ ဝေငှလိုခြင်းကြောင့်ဖြစ်သည်။ ထိုသဘောကား ကလေးသဘောဖြစ်၍ ရယ်စရာ။ အဘယ့်ကြောင့် ထိုစိတ် ဓာတ်ကို ကျွန်ုပ်ရသနည်း။ အရီး၏ ပုံဝတ္ထုကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်၏အရီးကား မတရားစီးပွားရှာသူ၊ ငွေတိုး စားသူ၊ လာဘ်ပေးသူ၊ လာဘ်ယူသူ၊ အဂတိလိုက်စားသူတို့ကို အတော် မုန်းတီးဟန်ရှိသည်။ စစ်ကိုင်းဦးဘိုးသင်း “ကိုယ်တိုင်ရေး အထုပ္ပတ္ထိ”မှ . . . ဒီလို ငယ်စဉ်ကတည်းက စိတ်ဓာတ်မျိုးစေ့ချပေးခဲ့တာမို့ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်းရဲ့ စာတွေဟာ အတွေးသစ်၊ အမြင်သစ်၊ တွန်းလှန်လိုစိတ် ခေတ်ပြင်လိုစိတ်တွေ ပါဝင်နေတာ ဖြစ်နိုင်ပါတယ်။  စစ်ကိုင်းဦးဖိုးသင်း အကြောင်း စစ်ကိုင်း ဦးဘိုးသင်းကို ၁၂၅၂ ခု၊ ဝါခေါင်လပြည့်ကျော် ၁ ရက် (၁၈၉ဝ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်) ကြာသပတေးနေေ့က သရက်ခရိုင် မင်းတုန်းမြို့၊ မြို့သစ်ကုန်း အရှေ့ပိုင်းမှာ မွေးတယ်။ ဖခင်မှာ ဦးဘိုးသာ၊ မိခင်မှာ ဒေါ်ရွှေအိတ်။ ဦးဘိုးသင်းဟာ ပေပင်ကျောင်းခေါ် ဘုန်းတော်ကြီးကျောင်းမှာပညာစသင်တယ်။  ကျောင်းမနေခင်တည်းက ဖခင်ရဲ့ သင်ကြားမှုနဲ့ စာရေးတတ် ဖတ်တတ်ပြီး ပေပင်ကျောင်းမှာ ပထမတန်းဝင်ဖြေတော့ ပထမ ရတယ်။ အတန်းအဆင့်ဆင့် ထူးချွန် အောင်မြင်ပြီး ၇ တန်းမှာ လည်း သရက်မြို့နယ်တခုလုံးမှာ ပထမ ရတယ်။ မန္တလေး နော်မန်ကျောင်း (ဆရာ အတတ်သင်ကျောင်း)က ၁၉ဝ၇ ခုနှစ် ဆရာဖြစ်အောင်တယ်။  မြစ်ကြီးနားမှာ ကျောင်းဆရာ၊ ဗန်းမော်မှာ ကျောင်းအုပ်လုပ်ခဲ့တယ်။ အဲ့ဒီအချိန် ပညာအုပ်နဲ့ စကား များပြီး အလုပ်ထွက်လိုက်တဲ့နောက် စာနယ်ဇင်း လောကကိုဝင်တယ်။ မန္တလေးမှာ သတင်းထောက်လုပ်တယ်။ ရန်ကုန်သွား ပြီး ကူးသန်းရောင်းဝယ်ရေးသတင်းစာမှာ လုပ်ပြန်တယ်။ ပညာမင်းကြီးက မကွေးကိုပို့ ပညာအုပ်ခန့်ထားပြန်တယ်။ ပညာ အုပ်ဘဝနဲ့ နိုင်ငံအနှံ့ ရောက်ခဲ့တယ်။ ဦးဘိုးသင်းဟာ ၁၃၃၅ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁ ရက် (၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်) နေ့ ကွယ်လွန်တယ်။  “စစ်ကိုင်းဦးဖိုးသင်း ဝတ္ထုတွေဟာ လူတို့၏ အဖြစ်အပျက်၊ သမိုင်း‌နောက်ခံနှင့် လက်ရှိလူမှုဘဝနောက်ခံများ၊  လူတို့၏ စရိုက်အထွေထွေနှင့် ဆန်းကြယ်ထူးခြားသော အတွေးစိတ်ကူးများကြောင့် ထင်ရှားခဲ့သည်။ (လေးကိုတင်) ၏ “စစ်ကိုင်းဦးဘိုးသင်း”၊ ဧရာဝတီရုပ်ပုံလွှာ၊ ရနံ့သစ်၊ စက်တင်ဘာ ၂၀၀၉ “စစ်ကိုင်းဦးဖိုးသင်း စာအုပ်များ” ဦးဘိုးသင်းဟာ ၁၉ နှစ် အရွယ်ကစ ဝတ္ထု၊ ဆောင်းပါး အမြောက်အမြား ရေးခဲ့တယ်။ သူရေးသားခဲ့တဲ့ စာအုပ်တွေက  “ဖာတလုံး ခေါင်းကျား”၊ “ဒါကြောင့်ချစ်တာ”၊ “ရွှေမန်းနှစ်တရာ”၊ “သဘာဝသျှတ္တရ”၊ “လောကမျက်ရစ်”၊ “လူ့မျက်ရှု့ကြမ်း”၊ “ရှု့မဆုံးတဲ့မိဖုံးကြွယ်”၊ “မင်းများမှူး”၊ “ရှုးရှုးတန်ဆောင်”၊ “တင့်မျိုးခေါင်”၊ “ပျို့မောင်”၊ “ငမဲကျွန်”၊ “တိုင်းပြည့်ဝတ်မှုန်”၊ “သဘာဝရှိန်စော်”၊ “ခင်ကြီးမဟာမြိုင်”၊ “ပုဂံခေတ် အရည်းမာယာ”၊ “မာယာကေသီ”၊ “သူဌေးမရွှေရွှေ”၊ “ကျွန်ရုပ်မ”၊ “ဦးအောင်ဇေယျ”၊ “ဧငြိမ်းရိပ်သာ”၊ “တကယ့်လူ”၊ “လူရည်ထက်”၊ “လောကလူ့ဘုံ”၊ “ဖလ်ဂူ့ရှင်” အပါအဝင် စာအုပ် ၉၀ ကျော် ရေးထုတ်ခဲ့ပြီး ကွယ်လွန်တဲ့တန် စာအုပ် ၂၀ လောက် ထုတ်ဖို့ ကျန်နေခဲ့တယ်။ ၁၉၃၈ ခုရေး “ဖာတလုံး ခေါင်းကျား” ဝတ္ထုကို ရုပ်ရှင်ရိုက်ခဲ့သေးတယ်။ “ငမဲကျွန်” ဝတ္ထုနဲ့ ၁၉၅၄ ခုနှစ် စာပေဗိမာန်ဆု ချီးမြှင့်ခံရတယ်။ သိမှတ်ဖွယ်ရာ၊ ဆင်ခြင် စဉ်းစားဖွယ်ရာတွေ ပါဝင်တဲ့ သူ့အမြင် သူ့အတွေး ဆယ်တွဲလဲ ရေးခဲ့တယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ၁၉၇၈ က ရေးပြီး ၁၉၇၉ ခုနှစ် စာပေဗိမာန်က ထုတ်တယ်။ “စစ်ကိုင်းဦးဖိုးသင်းရဲ့ ငမဲကျွန်ဝတ္ထု” “ မြန်မာ ကာလီဒါသ အဖြစ် ထင်ရှားသော ပညာရှိ ငမဲကျွန်အကြောင်းဝတ္ထု။ . . . . . ပညာရှိတို့ ကျင့်ဖွယ်၊ အတုယူဖွယ်၊ ရှောင်ရှားဖွယ်များ အများအပြားပါ၏။ တရားစီရင်ထုံးနှင့် ပုံပြင်များလည်း ပါဝင်သည်။ ”  (မလိခ ၏ မြန််မာစာပေအဘိဓာန် ၁ စာ- ၂၇၆ . . . . .မှ ။) ငမဲကျွန်ဝတ္ထုဟာ ဗုဒ္ဓ ပွင့်တော်မမူခင်က ခေတ်အခြေအနေနဲ့ မင်း (အစိုးရ) တို့ လိုက်နာသင့်တာ၊ တရားသူကြီးတွေ၊ ဝန်ထမ်း တွေ၊ ပညာရှိတွေတင်မက ပြည်သူအားလုံးပါ လိုက်နာကျင့်ကြံသင့်တဲ့ အကြောင်းအရာတွေကို ရေးသားထားတာပါ။ ဒါပေမဲ့ လက်ရှိခေတ်မှာ အစိုးရ၊ ပြည်သူ၊ သူဌေးသူကြွယ်နဲ့ ဝန်ထမ်းအားလုံး ညွှန်းပြသတိပေးနေသလို ဖြစ်တဲ့ ပညာပေးဝတ္ထု ဖြစ်ပါတယ်။ဒါကြောင့်လည်း စာပေဗိမာန်ဆု ပေးအပ်ခံခဲ့ရတာပါ။  ဒီဝတ္ထုထဲက ထင်ရှား အတုယူရမဲ့ စာသား စာလုံးတွေကတော့ “သဘာဝတရားသူကြီး” “အို အသင်လောက” “လောက သျှတ္တရ” “လူမဟုတ်ပဲ (လု) ဖြစ်နေကြသူများ” စတာတွေသာပါ။ အလားတူပဲ “ဖာတလုံး ခေါင်းကြား” ဝတ္ထု စတဲ့ တခြား စစ်ကိုင်းဦးဖိုးသင်းရဲ့ စာအုပ်တွေဟာလည်း လောက ပြုပြင်ရေး၊ တိုင်းပြည်ကောင်းစားရေး ရည်ရွယ်ထားတာတွေသာ ဖြစ်ကြပါရဲ့။ “စစ်ကိုင်းဦးဖိုးသင်းရဲ့ စာပေ ဒဿနအမြင်တွေ”  လောဘ၊ ဒေါသ၊ မာန လွှမ်းမိုးနေသော သူများ၏  အလိုကို လိုက်လျောခြင်းဖြင့် ကိုယ်၏ အသရေကို ထွန်းပြောင်စေခြင်းသည် ထိုသူများအား  သေစေသော အဆိပ်ကို ကျွေးခြင်းနှင့် အတူပင်တည်း။  (စစ်ကိုင်းဦးဖိုးသင်း) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိ စာ ၄၈၉ မှ . . . ဒါ့က စစ်ကိုင်း ဦးဘိုးသင်းဟာ စာအုပ်ရောင်းရရေးကိုကြည့်ပြီး ထုတ်ဝေသူအကြိုက် စာတွေကို ရေးမပေးခဲ့တဲ့ အကြောင်း ဖြစ်ပါတယ်။ သူဟာ စာပေတိုးတက်ရေးအပေါ် ဘယ်လို အမြင်ရှိတယ်ဆိုတာကိုလည်း အခုလို တွေ့ရပါရဲ့။ စာအုပ်ထုတ်ဝေသူများက “ ရှေးကအကြောင်း” အမည်ဖြင့် နန်းတွင်းဝတ္ထု အမည်တပ်ကာ ထုတ်ဝေရန် အားသန်၏။ ကျွန်ုပ်၏ သဘောနှင့် ထိုအချက်တွင် မတိုက်ဆိုင်မိ။ ခေတ်ဝတ္ထုသည်သာမျက်မှောက်၏ ဘာကို လုပ်ရမည်၊ နောင်ဘယ်လိုလုပ်ရမည်ဟု တိုင်းပြည်နဲ့ လူမျိုး မျက်စေ့ကျယ်၍ သဘောတရားအား မြင်လာနိုင်ရန်ကို စဉ်းစားဖို့ လိုနေပေသည်။ တိုင်းပြည်အကြိုက်ကိုလိုက်၍ ငွေရလျှင် ပြီးစတမ်းနှင့် စာအုပ်ထုတ်သော် (ဝါ) စာရေးသော် တိုင်းပြည်တွင် ချောက်ကျမည်ဖြစ်၏။  စာပေသည် တိုင်းပြည်ကို မြှင့်တင်ခြင်း၊ ကောင်းစားခြင်း၊ တန်ခိုးကြီးခြင်း၊ လူမျိုးအဆင့်အတန်း ရောက်ခြင်း စသည်တို့သာ ဖြစ်သည်မဟုတ်။ စာပေသည် နှိမ့်ချခြင်း၊ ညံဖျင်းစေခြင်း၊ သိမ်ငယ်စေခြင်း၊ လူမျိုးအဆင့်အတန်း နိမ့်စေခြင်းတို့ကိုလည်း ဖြစ်စေနိုင်သည်ဟု ကျွန်ုပ် အယူရှိ၏။ လူမျိုးတမျိုး၏ နိမ့်ကျသော စာပေကို အမွန်အမြတ်ထား၍ လေးစားသမှုပြုကာ ဖတ်နေခြင်းသည် နား မျက်စေ့ ကန်းစေသည်ဟုလည်း ကျွန်ုပ်အယူရှိ၏။ စာပေသည် လောကီ လောကုတ္တရာကို ရှေးရှု့၍ ကောင်းသော အကျိုးငှာ ယခု ဘာလုပ်ရမည်။ ရှေ့၌ ဘာလုပ်ရမည်ဟု အကျိုးပြုနိုင်စေရမည်။   (စစ်ကိုင်းဦးဖိုးသင်း) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိ စာ ၄၈၉ မှ . . . အခုလို အကျိုးပြုစာပေတွေကို အများအပြား ရေးသားထုတ်ဝေခဲ့သူ ကျမ်းပြုဆရာကြီး၊ စာပြုဆရာကြီး၊ စာရေးဆရာကြီး စစ်ကိုင်းဦးဖိုးသင်းဟာ ၁၃၃၅ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁ ရက် (၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်) နေ့က  ကွယ်လွန်ခဲ့ တာမို့ အခု ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က သူ့ကွယ်ခြင်း ၄၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။  စာဆိုကြီး စစ်ကိုင်းဦးဖိုးသင်း ကွယ် လွန်ခဲ့ပြီးပေမဲ့၊ နှစ်ကာလတွေ ကြာခဲ့ပေမဲ့လဲ သူ့ရဲ့စာတွေ သူ့ရဲ့ဒဿနတွေ၊ သူ့အတွေးအမြင် အယူအဆတွေကတော့ ဆက် လက် ရှင်သန်နေဆဲပါ။ သူ့ရဲ့ စာပေ လက်ရာတွေကို ပြန်လည် ပုံနှိပ် ထုတ်ဝေနေကြဆဲဖြစ်သလို အီလက်ထရောနစ် စာအုပ် အဖြစ်လဲ ရှိနေကြပါပြီ။ စစ်ကိုင်းဉီးဖိုးသင်း စာပေမင်းကို လေးစားဆိုမှတ် သူစာဖတ်ကြ လို့သာ တိုက်တွန်းပါတယ်ဗျာ။ ။  မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024