မြစ်ကြီးနားတွင် ကွာရန်တင်းစင်တာအသစ် ၂ ခု ထပ်ဖွင့်မည်
DVB
·
December 15, 2020
ကချင်ပြည်နယ်ကို ရန်ကုန်နဲ့ မန္တလေးမြို့တို့ကနေ လေယာဉ်စီးပြီး လာမယ့် ခရီးသည် တွေကို ထားရှိဖို့ ကွာရန်တင်းစင်တာအသစ် ၂ ခုထပ်ဖွင့်မယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။
မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “လေယာဉ်နဲ့ လာတဲ့သူတွေအတွက် မနက်ဖြန် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အဆောင်နှစ်ခု ထပ်ဖွင့်မှာပေါ့။ ခါကာဘိုအမျိုးသမီးဆောင်နဲ့ ဖုန်ဂန်ရာဇီဆောင်မှာက အမျိုးသားတွေပေါ့၊ ကိုယ့်စားရိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ရမှာပါ တစ်ယောက်ကိုတစ်ရက်ကို ငါးထောင်ပေါ့။ ဟိုတယ် ကွာရန်တင်းဆိုရင်တော့ တစ်ယောက်ကိုတစ်ရက်ကို ငါးသောင်းကျမှာပါ”လို့ ပြောပါတယ်။
စီတာပူရပ်ကွက် မြစ်ကြီးနားတက္ကသိုလ်အတွင်းက ခါကာဘိုဆောင်မှာ ၇၅ ယောက်ဆံ့ပြီး ဖုန်ဂန်ရာဇီအဆောင်မှာ ၇၅ ယောက်ဆံ့ကာ ကွာရန်တင်း ၇ ရက်ဝင်ရမယ်လို့သိရပါတယ်။
မြစ်ကြီးနားမြို့အတွင်းကို ကားနဲ့လာတဲ့သူတွေက မြစ်ကြီးနားပညာရေးကောလိပ်နဲ့ မြစ်ကြီးနားတက္ကသိုလ်အတွင်းက ဆဒုံးဘွမ်ဆောင်မှာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ယခင်ကကွာရန်တင်းစင်တာ၂ ခုရှိပြီး အခု၂ခုထပ်တိုးတာဖြစ်ပါတယ်။
ကချင်တစ်ပြည်နယ်လုံးမှာ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ စာရင်းအရ ကွာရန်တင်းဝင်နေသူ ၂၂၉၁ ယောက်ရှိပြီး မြစ်ကြီးနားမြို့မှာ ကွာရန်တင်းဝင်နေသူ အယောက် ၄၅၀ ရှိပါတယ်။
သတင်း - မီးမီး