ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် မီးရှို့မှုဖြစ်ပွား
ရွှေအောင်
·
August 25, 2013
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ထန်းကုန်းရွာမှာ ဩဂုတ် ၂၄ ရက်ညက အဆောက်အဦတွေကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မှု ဖြစ်ပွားခဲ့ပုံကို ကန့်ဘလူမြို့နယ်၊ ရဲစခန်း တာဝန်ကျရဲတပ်ကြပ်တဦးက “မိန်းကလေးတဦးကို မွတ်စလင်တဦးက မုဒိမ်းကျင့်ဖို့ ကြံစည်တာ အဲဒီကနေ စတာပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးတွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ ဗလီတွေတော့ မရှို့ဘူး။ အိမ်တွေကို။ အိမ်တွေ ဘယ်နှလုံး ဆုံးရှုံးတယ်ဆိုတာ တွက်နေတုန်း။ အိမ်ဆိုင်လေးတွေပါ။ အိမ်တွေကတော့ ဗမာအိမ်တွေလည်း ပါတယ်၊ မွတ်စလင်အိမ်တွေလည်း ပါတယ်” လို့ပြောပါတယ်။
[caption id="attachment_42911" align="alignright" width="300" caption="ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်"][/caption]
အခြေနေတွေကို ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထိန်းသိမ်းနိုင်ခဲ့ပြီး အတွင်းအစည်း၊ အပြင်စည်းကို လုံခြုံရေးယူထားသလို ပိုပြီးလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ ရဲတပ်ကြပ်က ပြောပါတယ်။
ဩဂုတ်လ ၂၄ ရက်ညက အခင်းဖြစ်ပွားချိန် ရောက်ရှိခဲ့တဲ့ ထန်းကုန်းရွာအနီးက ဇီးကုန်းရွာသား ဦးဝင်းအောင်ကလည်း သူမြင်တွေ့ခဲ့ရတာတွေ ခုလို ပြောပါတယ်။
“၇ နာရီခွဲလောက် ကျနော် ရောက်သွားတဲ့အချိန်က လူအုပ်တွေနဲ့ ဈေးဆိုင်တန်းတချို့ကို သူတို့ ဖျက်နေကြတယ်။ ရဲစခန်းနဲ့ ဈေးနဲ့ကပ်လျက်ဆိုတော့ ဖျက်နေတဲ့အသံတွေကြားနေရတယ်။ လူအုပ်က ဓားတွေကိုင်လာတယ်။ အဲနားမှာတင် ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ သူတို့ ဆိုင်ခန်းတွေ ဖျက်တာပဲ။ နောက်ပိုင်း ဆရာတော်တွေလည်း မေတ္တာ ရပ်ခံတယ်၊ ခရိုင်ရဲမှူးကြီးနဲ့ ဒေသခံတွေလည်း ထွက်ပြီး မေတ္တာရပ်ခံတယ်။ မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့သူ ဒီမှာမရှိတော့ဘူး၊ ကန့်ဘလူစခန်းကို ပို့လိုက်ပြီဆိုပြီး ရှင်းပြတဲ့အခါမှာ သူတို့ လူစုခွဲပြန်သွားပြီး အထွက်ဘက်က ဗလီဘက်ရောက်တော့ အပြန်အလှန် ပစ်ကျခတ်ကျရင်းနဲ့ တားမရလောက်အောင်ဖြစ်တယ်။ နောက်ပိုင်း ဟိုဘက်က အထွက်က အိမ်တအိမ်ကို မီးရှို့တာက စတာ။ နောက်ပိုင်း ပြဿနာက ကြီးလာပြီး မီးသတ်ကားတွေနဲ့ ငြှိမ်းဖို့ လုပ်တာ။ သူတို့က ငြှိမ်းခွင့်မပေးဘူး။ မီးသတ်ကားမသွားရဘူးဆိုပြီး လူအုပ်က တားတယ်။ ပထမတချီ ရဲနဲ့ မီးသတ်နဲ့ ပေါင်းပြီးသွားတော့ ၀ိုင်းပြီးထုကြတာ မီးသတ်ရဲဘော်လေး နဖူးမှန်သွားတယ်။ ဆေးခန်းခေါ်ပြီး ဆေးကု။ နောက်တခါ ဆရာတော်တွေနဲ့ ထပ်သွားပြီးညှိတော့ လောင်နေတဲ့အိမ်တော့ လောင်ပါစေတော့၊ ဘေးအိမ်တွေကို မကူးအောင် လုပ်ခွင့်ပြုပါဆိုတော့ သဘောတူချက် ရပြီး ငြှိမ်းရတာ။
“အဲလိုလုပ်နေတဲ့အချိန်မှာ တခြားခွဲထွက်သွားတဲ့သူတွေက တချို့နေရာတွေမှာ ရှို့ပြန်ရော အဲလိုဖြစ်တာ။ ထန်းကုန်းကျေးရွာမှာ၊ ကျနော်တို့ သိသလောက်တော့ ၃၀ နဲ့ ၄၀ ကြား၊ ဗမာအိမ် ပွဲရုံတခုပါမယ်၊ အိမ်တလုံးပါမယ်။ ကျန်တာကတော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အိမ်တွေပဲ။ သွပ်ပြားလိမ်ကောက်နေတာနဲ့ အိမ်တိုင်တွေပဲ ကျန်တော့တယ်။ လောင်တဲ့အိမ်တွေနဲ့ မလောင်တဲ့အိမ်တွေက နွားမွေးကြတာ များတယ်လေ။ နွားတွေက ထွက်ပြေးသွားကြတာဆိုတော့ ဒီနေ့ထိ ပြန်လိုက်ရှာလို့ မရတော့ဘူး။ မရှာရဲကြတာလည်းပါတယ်။ စားစရာကလည်းမရှိ၊ အိမ်ကလည်း ပြာကျ၊ ကလေးတွေ ငိုနေကြတာ တွေ့ရတာ တော်တော် စိတ်မကောင်းပါဘူး။”
မီးရှို့မှုတွေ ဖြစ်ပွားပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကိုလည်း ဦးဝင်းအောင်က အခုလို ပြောပါတယ်။
“လောင်သွားတဲ့အိမ်တွေက တချို့လည်း နီးစပ်ရာ ဆွေမျိုးသားချင်း မိတ်ဆွေအိမ်လေးမှာ လောလောဆယ်ကပ်နေတယ်၊ တချို့လည်း အိမ်ဘေးက အပင်လေးတွေအောက်မှာနေပေါ့။ ထမင်းထုပ်လေးတွေတွေ ရှိတယ်။ ကူညီစောင့်ရှောက်မှုကတော့ နည်းနည်း နှေးနေသေးတယ်။ ဌာနဆိုင်ရာတွေ၊ မီးသတ်တွေ ညက မအိပ်ရတာပါတာပေါ့။”
အခုဖြစ်ပွားတာဟာ မိတ္ထီလာမှာ ဖြစ်ပွားသလို အစီစဉ်ကျကျ မဟုတ်ဘဲ ရုတ်တရက် ထဖြစ်တာလို့ ပြောပါတယ်။
မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ ထန်းကုန်းရွာဟာ ကန့်ဘလူမြို့နယ်နဲ့ ၁၅ မိုင်လောက်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ တိုက်နယ်ကျေးရွာကြီး တရွာ ဖြစ်ပါတယ်။