Home
မြန်မာသတင်း
ကျောက်ဆည်မြို့နယ်က ရွှေဂူချောင်သီလရှင်ကျောင်းတွင် ဆွမ်းအလှူရှင်လိုအပ်နေ 
DVB
·
December 15, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်က သီလရှင်ဦးရေ အများဆုံး စာသင်ကျောင်းဖြစ်တဲ့ ဖောင်ရွာရပ်ကွက်က ရွှေဂူချောင်သီလရှင် ပရဟိတစာသင်ကျောင်းမှာ ဆွမ်းအလှူရှင်တွေ လိုအပ်နေပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းတုန်းက ပြည်သူတွေရဲ့ လူမှုဘဝအခြေအနေတွေအပေါ် သက်ရောက်မှုနည်းခဲ့ပေမယ့် ကိုဗစ်ဒုတိယလှိုင်းက စပြီး ပြည်သူတစ်ဦးချင်းစီရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုအရေး အားလုံးနီးပါး ရပ်တန့်နေပါတယ်။ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေအတွက် ရုန်းကန်နေရချိန်မှာ ရဟန်းသံဃာ၊ သီလရှင်တွေလည်း ကိုဗစ်ရဲ့အကျိုးသက်ရောက်မှုကို ခံစားနေရပါတယ်။ ကိုဗစ်ကာလအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာလည်း အလှူရှင်တွေ နည်းပါးသွားပြီး တစ်ချို့ကျောင်းတွေမှာ အလှူရှင်လုံးဝ မရှိတော့တာတွေ ဖြစ်နေပါတယ်။ ဖောင်ရွာရပ်ကွက် ရွှေဂူချောင် သီလရှင်ပရဟိတ ပညာရေးကျောင်းမှာလည်း ဆွမ်းအလှူရှင် လုံးဝမရှိတော့တဲ့အတွက် ခက်ခဲနေတယ်လို့ ကျောင်းတည်ထောင်သူက ပြောပါတယ်။ ဒီကျောင်းမှာ ဆရာလေး ၁၀၆ ပါးနဲ့ ကျောင်းသား အယောက် ၆၀ အထိ ရှိပါတယ်။ ဆွမ်းဆန်အခက်အခဲ ရှိနေတာကြောင့် တစ်ပတ်တစ်ခါ တစ်ဇွန်းဆန်အလှူခံထွက်နေကြရတယ်လို့ လည်း ဆိုပါတယ်။ စီးပွားရေး အကျပ်တည်းဆုံး ကာလဖြစ်တဲ့အတွက် ပြည်သူတွေဟာ ဟိုးအရင်ကာလတွေ တုန်းကလို မလှူဒါန်းနိုင်ကြတော့ဘဲ ကိုဗစ်အလွန်ကာလကို မျှော်ရင်း ခြိုးခြံချွေတာနေကြရ ပါတယ်။ စီးပွားရေးကြပ်တည်းလာတဲ့အတွက် မလှူဒါန်းနိုင်တော့တဲ့အတွက် နေ့ဆွမ်းလှူနေကျ အလှူရှင် တဦးကတော့  စိတ်မကောင်း ဖြစ်နေပါတယ်။ ကျောင်းမှာနေထိုင်တဲ့ ကလေးအများစုက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့ တိုင်းရင်းသား ဒေသတွေက လာတဲ့ ကလေးတွေများပြီး မြန်မာစကားတတ်မြောက်သူနည်းပါတယ်။ အသက်အငယ်ဆုံး ၂ နှစ်ကစပြီး ဆယ်တန်းအရွယ် အထိ ကလေးတွေကို စာသင်ကြားပေးနေတာ ဖြစ်တယ်လို့ ကျောင်းတည်ထောင်သူ က ပြောပါတယ်။ ဒါတွေအပြင် ကိုဗစ်ကာလဖြစ်တဲ့အတွက် တာဝန်ခံ ပရဟိတ စာသင်ဆရာမတွေလည်း လာမသင်ပေးနိုင်တော့တဲ့အတွက် လက်ရှိမှာ ဘုရားစာပဲသင်ပေးနေတယ်လို့ သိရပါတယ်။ ရွှေဂူချောင်သီလရှင် ပရဟိတ ပညာရေးကျောင်းကို ၂၀၁၁ ခုနှစ်က ကျောင်းသား အယောက် ၄၀ နဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024