Home
မြန်မာသတင်း
ဘီလူးချောင်း ထိန်းသိမ်းရေးဌာနထားရှိရန် ကယားပြည်နယ်လွှတ်တော်၌ တောင်းဆိုမည်
နော်နိုရင်း
·
December 15, 2020
ကယားပြည်နယ်ရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဘီးလူးချောင်းကို သုံးစွဲနေကြပေမယ့် ချောင်းကို ထိန်းသိမ်းတဲ့သူမရှိသေးတဲ့အတွက် ထိန်းသိမ်းရေးဌာနတခု ရှိလာအောင် လာမယ့်လွှတ်တော်မှာ တင်ပြသွားမယ်လို့  ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းကာကွယ်စောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးတေဇာဝင်းထွန်းက ပြောပါတယ်။  ဘီလူးချောင်းကို မည်သို့စောင့်ရှောက်လဲဆိုတာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က ပြည်နယ်ဌာနဆိုင်ရာအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်လွှတ်တော်  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့ တွေ့ဆုံမှုအပြီး ပြောဆိုသွားတာပါ။  “ဒီဘီလူးချောင်းကြီးကို သုံးစွဲနေတဲ့ ဌာနဆိုင်ရာတွေရှိတယ်။ ရေအရင်းအမြစ်တို့၊ ဆည်မြောင်းတို့၊ ရေကိုစုပ်တယ်၊ စုပ်ပြီးတော့ စိုက်ပျိုးရေးရေတို့သုံးတယ်။ ပြီးရင်လျှပ်စစ်ဝန်ကြီးဌာနဆိုရင်လည်း ဒီရေနဲ့ပဲစွမ်းအင်တွေ ထုတ်တယ်ပေါ့။ စည်ပင်ဆိုရင်လည်း ဒီရေကိုယူတယ်။ စည်ပင်ရေဖြန်ချိသုံးစွဲတယ်။ ဒီချောင်းကိုသာ သုံးသွားတယ်။ ဒီချောင်းကို ပြန်ထိန်းသိမ်းမယ့်ဌာနဆိုတာ ကျနော်တို့ပြည်နယ်မှာ မရှိသေးဘူး။ အဓိကက ရေအရင်းအမြစ်နဲ့ မြစ်ချောင်းအင်းအိုင် စောင့်ရှောက်ရေးဝန်ကြီးဌာနဆိုတာ ရှိပါတယ်။ အဲဒါနေပြည်တော်မှာပဲရှိတယ်။ အဲဒါကျနော်တို့ ပြည်နယ်မှာ ဝန်ကြီးဌာနတခုအနေနဲ့ထားရှိပြီးတော့ ဒီချောင်းကိုထိန်းသိမ်းမယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒါလေးကို ကျနော်တို့ အနေနဲ့ အဓိက တွေ့လိုက်ရတယ်။ အဲဒီအတွက် လာမယ့် လွှတ်တော်အစည်းအဝေးမှာ ကျနော်တို့ အဆိုတခုအနေနဲ့ ဌာနတခုကို အမြန်ဆုံးအကောင်အထည်ဖော်ပေးသွားဖို့ ဒါလေးကိုတောင်းဆိုသွားဖို့ ရည်ရွယ်ထားပါတယ်။ ” ဘီလူးချောင်းဟာ ဒေသခံတွေသာမက တနိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ နေရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ချောင်းဖြစ်ပါတယ်။ ပြည်နယ်တွင်းဒေသခံတွေကလည်း စိုက်ပျိုးရေး၊ သောက်သုံးရေးတွေကိုလည်း အသုံးပြုအားထားတဲ့ ချောင်းဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာတော့ မိုးရွာသွန်းမှုနည်းပါးပြီး မိုးဗြဲဆည်အတွက် ရေလှောင်ထားတဲ့ အတွက်လည်း ဘီးချောင်းရေစီးဆင်းမှုမရှိတော့ဘဲ  ဒိုက်တွေ မှော်တွေ၊ အမှိုက်တွေ ပြည့်နှက်နေတဲ့ အနေအထားတွေ့ရှိရကြောင်းလည်း ပြောပါတယ်။  “ကျနော်တို့ ဒီအစည်းအဝေးမတိုင်ခင် ၁၀ ရက်နေ့က ဘီးလူးချောင်းတလျှောက် ကျနော်တို့ သွားပြီးတော့ ကျနော်တို့သွားလေ့လာတယ်။ လေ့လာတဲ့အချိန်မှာ အဓိက မြို့ ၂ မိုင်ပေါ့၊ ၂ မိုင်ရှိတဲ့ ဒီချောင်းထဲမှာ အမှိုက်တွေ အရမ်းများတယ်။ လက်ရှိအနေအထားမှာ ရေအားလျှပ်စစ် ကလည်း ရေကိုအများကြီး မသုံးဘူး။ မသုံးတဲ့အခါကျတော့ ကန်သဘောမျိုးကို ဖြစ်နေတယ်။ ရေက မစီးဘူးပေါ့။ စီးတဲ့ရေက အနည်းအကျဉ်းပဲ ရေအောက်ရေပဲစီးတယ်ပေါ့။ ဆိုတော့ အဲမှာ အမှိုက်တွေက မြို့ဧရိယာမှာ ပုံနေတယ်။ ဒါကိုတွေ့ရတယ်။ နောက်တခုက စည်ပင်ကနေပြီးတော့ ရေကိုစုပ်ပြီးတော့ သုံးတယ်။ ဒါပေမဲ့ အဲဒီရေကပြန်ပြီးတော့ ဘီလူးချောင်းထဲကိုပဲ ပြန်ပြီးတော့ စီးဝင်တယ်။ ဆိုတော့ အခုန ရေက မစီးဆင်းတဲ့အခါကျတော့ ဒီရေကိုပဲ ညစ်ညမ်းတဲ့ရေကိုပဲ ကျနော်တို့ လှည့်ပြီးတော့သုံးနေရတဲ့ပုံစံမျိုးကို ကျနော်တို့တွေ့ခဲ့ရတယ်။ ” ချောင်းတွင်း အမှိုက်သရိုက်နဲ့ ဒိုက်တွေမှော်တွေကင်းစင်ဖို့၊  ချောင်းကြီးတိမ်ကောမသွား နိုင်ရေးအတွက် ပရဟိတအဖွဲ့တွေကလည်း ချောင်းသန့်ရှင်းတွေ လုပ်ဆောင်မှုတွေရှိပေမယ့် ဒါဟာ ဘတ်တဂျက်တခု ချမှတ်ပြီးလုပ်ဆောင်သွားသင့်တယ်လို့  လူမှုအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024