Home
ဆောင်းပါး
ရန်ကုန်ရဲ့ပထမဆုံးအမျိုးသမီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ထုမေ (ဆောင်းပါး)
DVB
·
December 15, 2020
“ကျမ ကျောင်းကို အသွား တစ်နာရီ၊ အပြန် တစ်နာရီ လမ်းလျှောက်တက်ရတယ်။ ရခိုင်ပြည်နယ်မှာ မိုးရာသီဆိုရင် ထီးတွေလန်၊ စာအုပ်တွေရေစိုလို့မီးကင်ရတဲ့ရက်တွေများတယ်” လို့ ဒေါ်ထုမေက သူမရဲ့ငယ်စဉ်ဘဝကို ပြန်ပြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်ထဲက ကျေးရွာမှာ မွေးဖွားကြီးပြင်းတဲ့ သူမအတွက် ပိုမိုကောင်းမွန်တဲ့ ပညာသင်ကြားခွင့်ရနိုင်ဖို့ ကိုးတန်းကျောင်းသူအရွယ်မှာ မိဘတွေနဲ့အတူ ရန်ကုန်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ “ ကျမ ရွာမှာနေတုန်းက မီးတွေ၊ ကတ္တရာလမ်းတွေ၊ ရေပိုက်ထဲက ရေတွေ လာတာ မမြင်ဖူးဘူး။ ရန်ကုန်ရောက်မှ မြင်ဖူးတာ” ဟု ဒေါ်ထုမေက ရန်ကုန်ပြောင်းရွှေ့ရောက်ရှိစဉ် ၁၉၉၆ က အဖြစ်အပျက်ကို ပြောပြပါတယ်။ ရန်ကုန်ကို အခြေချပြီး ၂၄ နှစ်အကြာမှာတော့ သူမဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နောင် ၂၀၂၁ အစိုးရသစ် တက်လာခဲ့ရင် ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ ရန်ကုန်တိုင်းရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုရတဲ့ ပထမဆုံးသော အမျိုးသမီး ဖြစ်လာမှာပါ။ ယခင် ၁၀ နှစ်လုံးလုံး အဆိုပါနေရာမှာ အမျိုးသားဝန်ကြီးသာ ရှိနေခဲ့တာပါ။ ရန်ကုန်ရောက်စ အထက်တန်းကျောင်းသူဘဝမှာ သူမရဲ့အိမ်မက်က ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက် ကို ခံစားချင်ခဲ့သူပါ။ ဒါပေမဲ့ ၁၉၉၆-၁၉၉၇ ခုနစ်အချိန်ကာလတွေမှာ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကျောင်းပိတ်လိုက်တဲ့အတွက် ဒေါ်ထုမေရဲ့ ရန်ကုန်တက္ကသိုလ်တက်ဖို့ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ အဝေးသင်တက္ကသိုလ် ဒဿနိကဗေဒ ကျောင်းသူဖြစ်လာခဲ့ရပါတယ်။ “ အဝေးသင်တက်ရတယ်။ ကိုယ်လိုချင်တဲ့ ပညာရေး ကိုယ်တက်ချင်တဲ့တက္ကသိုလ် မတက်ရတော့ ခံပြင်းတယ်။ အဲ့ကနေ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ပြောလို့ရပါတယ်” ဟု ဒေါ်ထုမေ က နိုင်ငံရေးလောကထဲ ခြေစတင်ချခဲ့တဲ့ အကြောင်း ရင်ဖွင့် ပြောပြလာပါတယ်။ ရန်ကုန်တက္ကသိုလ်ပညာ ဆည်းပူးခွင့်မရတဲ့နောက်ပိုင်း သူမဟာ အဝေးသင်တက္ကသိုလ် တဖက်နဲ့ အင်္ဂလိပ်စာကို လေ့လာပါတယ်။ တက္ကသိုလ်ပညာရေး ပြီးဆုံးခဲ့တဲ့နောက်ပိုင်းမှာ သူမဟာ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာဆရာမအဖြစ်နဲ့ ရခိုင်လူငယ်တွေကို ပညာမျှဝေခဲ့ပါတယ်။ ဒေါ်ထုမေ ရန်ကုန်ကို ရောက်တာ ဆယ်နှစ်ခန့်အကြာ ၂၀၀၇ မှာ ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံးသော စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုနဲ့ ကြုံခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့ ဘုန်းတော်ကြီးတွေဟာ သဲသဲမဲမဲ ရွာနေတဲ့ မိုးရေစက်တွေကြားမှာ သာသနာ့အလံတွေကိုင်ဆောင်ရင်း ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်ကို စီတန်းလှည့်လည်ပြီး ဆယ်စုနှစ်ပေါင်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်မှာ ကြီးပြင်းလာတဲ့သူတဦးဖြစ်တဲ့အလျောက် ငယ်စဉ်အရွယ်မှာ အဖက်ဖက်က ချို့ချို့တဲ့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံရေး စာအုပ်များ တကြိမ်တခါမျှ မဖတ်ဖူး မသိမြင်ခဲ့ဖူးသည့် သူမအဖို့ ရန်ကုန်တမြို့လုံး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို မျက်ဝါးထင်ထင် တွေ့မြင်ရပါပြီ။ “နယ်မှာက နိုင်ငံရေး စာအုပ်တွေက ရှားပါတယ်။ ကျမတို့ငယ်တုန်းက ဘယ်နိုင်ငံရေး စာအုပ်မှ မဖတ်ခဲ့ဘူး။ ရေဒီယိုကနေ တဆင့် လူကြီးတွေ နားထောင်တော့ ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် သူများနိုင်ငံနဲ့ မတူဘူးဆိုတာ သိလာတယ်” ဟု သူမ ပြောပါတယ်။ နောက်ဆုံးမှာ သူမဟာ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ “ ... အဆိုပါအရေးအခင်းသည် ကျမဘဝအတွက် နိုင်ငံရေးအချိုးအကွေ့တစ်ခုဖြစ်လာပြီး ဂုဏ်သိက္ခာရှိသော Professional နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်” ဟုဒေါ်ထုမေက ရွေးကောက်ပွဲဝင် သူ၏လက်ကမ်းစာစောင်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူမဟာနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်လာခဲ့ပါတော့တယ်။ ၂၀၁၄ မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) တို့ နှစ်ပါတီပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းစဉ် ရန်ကုန်တိုင်းအမှုဆောင်ပါတီဝင်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရောက်တော့ သူမဟာ ရခိုင်ပြည်နယ် အမ်းနဲ့ရမ်းဗြဲ မြို့နယ်များအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။ အမျိုးသားလွှတ်တော်အမတ်ဖြစ်လာပြီးတဲ့နောက်မှာ လွှတ်တော်တွင်းနဲ့လွှတ်တော်ပြင်ပ ဆွေးနွေးချက်များကြောင့် ဒေါ်ထုမေဟာ လူသိများလာခဲ့ပါတယ်။ သူမဟာ လွှတ်တော် သက်တမ်းတလျောက်မှာအဆိုတင်သွင်းသူအများဆုံး အမျိုးသမီးလွှတ်တော်အမတ် အနေနဲ့ နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း လွှတ်တော်အမတ် သက်တမ်းတလျှောက် အစိုးရကို မေးခွန်း ၁၀၀ နီးပါးမေးမြန်းခဲ့ပါသေးတယ်။ ငါးနှစ်တာ နေပြည်တော်ကလွှတ်တော်တွေမှာ ရုန်းကန်လှုပ်ရှားရတဲ့ အမျိုးသမီးအမတ်တယောက်ဘဝဟာ အခက်အခဲတွေလည်း ရှိခဲ့တယ်လို့ သူမကဆိုပါတယ်။ သူမဟာ လွှတ်တော်ရဲ့ ၄ နှစ်ကျော် သက်တမ်းမှာ ကြိုးစားခဲ့ပေမယ့် ကြိုးစားမှု အရာမထင်ခဲ့ကြောင်းလည်း ပြတ်ပြတ်သားသားပြောပါတယ်။ ဒါ့အပြင် လွှတ်တော် အသိုင်းအဝန်းမှာ အမျိုးသမီးလွှတ်တော်တယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ဆွေးနွေးပေးမှု၊ ချီးမွမ်းပေးမှု မရှိဘဲ အမျိုးသမီးရဲ့ ရုပ်လက္ခဏာကိုသာ အဓိက ပြောဆိုကြတာကို တွေ့ခဲ့ရတယ်လို့လည်း ဒေါ်ထုမေကဆိုပါတယ်။ “လွှတ်တော်အမတ်အချင်းချင်း ကြားမှာတောင် အမျိုးသမီး လွှတ်တော်အမတ်တွေကို တွေ့ရင် ‘ဒေါ်ထုမေ လှလာတယ် ဝလာတယ်’ ဆိုတဲ့အရာပါ။ ဒေါ်ထုမေ ဒီနေ့ ဘာဥပဒေဆွေးနွေးလို့ ဘယ်လိုဖြစ်တယ်ဆိုတာထက် ရုပ်ပိုင်းဆိုင်ရာကို ဆွေးနွေးတာ တွေ့ရတယ်” ဟု သူမက လွှတ်တော်မှာ တွေ့ဆုံခဲ့တာတွေကို ပြောပြပါတယ်။ ဆက်လက်ပြီး လွှတ်တော်မှာ အထူးသဖြင့် အမျိုးသမီးကဏ္ဍနှင့် ပတ်သက်ပြီး ဘတ်ဂျက်ကိစ္စများဆွေးနွေးသည့်အခါ အမျိုးသား အမတ်တချို့က ဟာသအဖြတ်သတ်မှတ်ကြသေးကြောင်းလည်း ဒေါ်ထုမေ က ကြုံတွေ့တာတွေကို ပြောပါတယ်။ “မြန်မာနိုင်ငံမှာ အမျိုးသမီး ဘတ်ဂျက်တွေ ရှိရမယ်လို့ပြောရင် ဟားတဲ့ လွှတ်တော် အမတ်တွေတောင်ရှိတယ်။ ဂျန်ဒါ ဘတ်ဂျက် ပြောလိုက်ရင် ဟာသလို မြင်တာရှိတယ်” လို့ ဒေါ်ထုမေ က လွှတ်တော်တွင် အမျိုးသမီးဘတ်ဂျက်ကဏ္ဍ ကြုံတွေ့နေရတဲ့ အကြောင်း ကို ပြန်ပြောပြနေခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ပါလာစေချင်ကြောင်းနဲ့ အမျိုးသား၊ အမျိုးသမီး တန်းတူကြိုးစားမှ ဟာသ လုပ်ခံရတဲ့ ဂျန်ဒါ ဘတ်ဂျက်တွေဟာ အမျိုးသမီးတွေ အားကောင်းပြီး ပြောလာနိုင်ရင် အတိုင်းအတာ တခု ခရီးပေါက်နိုင်မယ်လို့လည်း သူမ က မှတ်ချက်ပြုလိုက်ပါတယ်။ နေပြည်တော်မှာ ငါးနှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ သူမဟာ ၂၀၂၀ရောက်တော့ ရန်ကုန်က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာကို ဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မူလက သူမ ၂၀၁၅ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ပါတီတွင်း အကွဲအပြဲတွေဖြစ်ခဲ့ပြီးတဲ့နောက် နုတ်ထွက်စာတင်ပေမယ့် နုတ်ထွက်ခွင့်မရတာကြောင့် တစ်သီးပုဂ္ဂလအဖြစ် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ “ကျမ နိုင်ငံရေးရည်မှန်းချက်တွေကို ရန်ကုန်ကနေ အကောင်အထည်ဖော် ပေး  နိုင်မယ်လို့ယုံကြည်တယ်။ အဲ့ဒါနဲ့ ရန်ကုန်ကို ရွေးချယ်ပြီး ရခိုင်တိုင်းရင်းသားဝန်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်” လို့ ဒေါ်ထုမေ က ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာဝင်ပြိုင်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြလာပါတယ်။ သူမအနေဖြင့် ရန်ကုန်ရောက် ရွှေ့ပြောင်းရခိုင်လူမျိုးတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ စာပေယဉ်ကျေးမှုကို ဖော်ဆောင်ပေးနိုင်မယ့် လူထု စင်တာတခုကို လည်း ဆောင်ရွက်ချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ “ရခိုင့် လူသားအရင်းအမြစ်ကို မွေးထုတ်ပေးမယ့် ရခိုင့်လူထုစင်တာကို ဆောင်ရွက်ချင်တယ်” လို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အနိုင်ရတဲ့ ဒေါ်ထုမေ က ပြောဆိုလိုက်ပါတယ် ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခကြောင့် ရန်ကုန်ကို ပြောင်းရွှေ့လာကြတဲ့ရခိုင်တိုင်းရင်းသားတွေနဲ့ ရန်ကုန်မှာနေထိုင်တဲ့ ရခိုင်လူမျိုးတွေရဲ့ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဖြေရှင်းပေးသွားမယ်လို့လည်း သူမက ဆိုပါတယ်။ သူမ အနေနဲ့ ငယ်စဉ်ကတည်းက ပညာရေး ကို ခက်ခဲကြမ်းတမ်းစွာ သင်ယူခဲ့သူတဦးဖြစ်တဲ့အလျောက် ပညာရေးပိုင်းကို ဦးစားပေးလုပ်ချင်တာကိုလည်း တွေ့မြင်ရပါတယ်။ “ အဓိကတော့ ဦးစားပေးလုပ်ချင်တာကတော့ ပညာရေးလုပ်ချင်တယ်။ ဘာကြောင့်ဆိုတော့ လူတန်းစား အရင်းအမြစ်ကို ပြုစုပျိုးထောင်းပေးတာဟာ နိုင်ငံကို ပြုစုပျိုးထောင်ပေးတာဖြစ်ပါတယ်။ နိုင်ငံမှာ လူတဦးချင်းစီ အရည်အသွေး မြင့်မားရင် သူတို့မိသားစုဝင်ငွေကောင်းလာမှာပဲ” ဟု ဒေါ်ထုမေ က ပညာရေးပိုင်းနဲ့ ပတ်သက်ပြီး ဖြစ်စေချင်တာကို ရင်ဖွင့်ပြောပြပါတယ်။ ဒါ့ကြောင့် လာမယ့် အစိုးရသစ်သက်တမ်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တဦးအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အရေးကိစ္စတွေကို၊ အမျိုးသမီးငယ်တွေရဲ့ လုပ်ငန်းခွင့် အရည်အသွေးမြင့်တင်တာတွေ၊ အမျိုးသမီး ဘဝပိုပြီးတိုးတက်အောင် လုပ်ပေးသွားမယ်လို့လည်း သူမ က ဆိုပါတယ်။ “၅ နှစ်တာ သက်တမ်းမှာတော့ အမျိုးသမီးငယ်တွေ တိုးတက်မြင့်မားလာအောင် ကြိုးစားသွားမယ်လို့ ပြင်ဆင်နေတာရှိတယ်” လို့ ဒေါ်ထုမေ က သူမရဲ့ အစီအစဉ်ကို ပြောပြလာပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ အနိုင်ရလာတဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတဦးအနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှု တရပ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါပါပဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူမရဲ့ အကောင်အထည်ဖော်မယ့် သူမရဲ့ ရွေးကောက်ပွဲ ကတိကဝတ် မဖြစ်လာမှာကိုတော့ စိုးရိမ်စိတ်တွေဖြစ်နေကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ “ပြည်ထောင်စုအစိုးရအနေနဲ့ ကိုဗစ်ထိန်းချုပ်ရေးကို အကောင်းဆုံး ဆောင်ရွက်နိုင်မယ်ဆိုရင် ကျမပြည်သူတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ကျမ ကတိကဝတ်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တယ်” လို့ သူမ က မှတ်ချက်ပြုလိုက်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါဟာလည်း သူမရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တဦးအနေနဲ့ အဟန့်အတား စိုးရိမ်မှုထဲက တချက်ပါပဲလို့ ဒေါ်ထုမေ က ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်က ရခိုင်ပြည်နယ်တောင်ပိုင်းက ကျေးရွာလေးကနေ ရန်ကုန်ကို ရွှေ့ပြောင်းအခြေချလာတဲ့ အမျိုးသမီးငယ်လေးဟာ လာမယ့်အစိုးရသက်တမ်းမှာ ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုတွေကိုယ်စားပြုတဲ့ ရန်ကုန်တိုင်းရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် အစိုးအဖွဲ့ထဲမှာ ပါလာတော့မှာ ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မွေးရပ်မြေကို စွန့်ခွာလာကြရတဲ့ ရန်ကုန်ရောက် ရခိုင်မျိုးနွယ်စုတွေအတွက် သူမဟာ ဘယ်လောက်အားကိုးရမယ် ဆိုတာကိုတော့ လာမယ့်နှစ်တွေမှာ အစမ်းသပ်ခံရမှာ ဖြစ်ပါတယ်။ နန်းဆိုင်နွမ် hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024