နေပြည်တော်တွင် ကိုဗစ်-၁၉ ပိုးတွေ့ ယာဉ်ထိန်းရဲ ၂၀ ဦး အထိရှိလာ
နေဖြိုးဝင်း
·
December 15, 2020
နေပြည်တော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျားနာလို့သံသယလူနာအဖြစ် ဆေးရုံတက်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် သူနဲ့ထိစပ်တဲ့ သူတွေကို ဆေးစစ်တာမှာ ရောဂါပိုးရှိသူ အယောက် ၂၀ အထိ ရှိလာပြီလို့ သိရပါတယ်။
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ ၇ ရက် ၈ ရက်လောက်က စဖြစ်တာပါ။ စဖြစ်တာကတော့ နှစ်ယောက် စဖြစ်ပြီးတော့ သံသယလူနာ ဆေးရုံတက်မှသိတာ။ သိတော့ သူတို့နဲ့ ထိစပ်တဲ့သူတွေကို ကွာရန်တင်းထည့်တယ်။ ထည့်ရင်း ဆေးစစ်ရင်းနဲ့ အခုတော့ အယောက် ၂၀ လောက်ရှိသွားပြီ။ contact တွေအားလုံး ၄၀ လောက်ရှိသွားပြီ”လို့ပြောပါတယ်။
ပိုးတွေ့သူတွေကို ဆေးရုံမှာ ကုသပေးနေသလို ထိစပ်မှုရှိတဲ့သူတွေကိုလည်း ကွာရန်တင်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
အခုလို ကိုဗစ်-၁၉ ပိုးတွေ့တဲ့ နေပြည်တော်အတွင်းက ယာဉ်ထိန်းရဲတွေဟာ ခရီးသွားရာဇဝင်လည်း မရှိတဲ့အတွက် ဒေသတွင်းကူးစက်မှုဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
“ သူတို့ကစတွေ့တဲ့ ကေ့စ်တွေကလည်း ခရီးသွားရာဇဝင် မရှိဘဲ တွေ့ရတာမျိုးလေ။ အဲ့ကနေ ထိစပ်တယ်ဆိုတော့ ခရီးသွားရာဇဝင်ထက်စာရင်တော့ နေပြည်တော်တွင်းမှာပဲ ကူးစက်မှုဖြစ်ဖို့များပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော်မှာ ဒီဇင်ဘာလဆန်းပိုင်းကလည်း ရွှေစင်စကြာ မော်တော်တော်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိရာကနေ ထိစပ်သူတွေကို စစ်ဆေးတာမှာ ဒီနေ့အထိ ပိုးတွေ့သူ ၇ ယောက်ရှိပြီလို့လည်း ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄၉ ယောက်ရှိပြီး သေဆုံးသူ ၆ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။