နိုင်ငံတော်ဗဟိုဘဏ်က ကန်ဒေါ်လာ ၃ သန်း ထုတ်ရောင်း
DVB
·
December 14, 2020
အခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေနဲ့လဲလှယ်တဲ့ အမေရိကန်ဒေါ်လာဈေးနှုန်း တရှိန်ထိုး မြင့်တက်လာပြီး ဒီနေ့မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာ ၃ သန်းကို ထုတ်ရောင်းလိုက်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က သောကြာနေ့က တဒေါ်လာကို ကျပ် ၁၃၅၀ ဝန်းကျင်ရှိခဲ့ရာကနေ ဒီနေ့မှာတော့ မနက်ပိုင်းမှာ တဒေါ်လာကို ၁၃၇၀ ကျပ်ဝန်းကျင်ကနေ အခုညနေပိုင်းမှာ ၁၃၉၀ ဝန်းကျင်အထိ ဖြစ်လာပါတယ်။
ဒီကနေ့ ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၃ သန်းကို ဈေးပြိုင်လေလံနဲ့ရောင်းခဲ့တာဖြစ်ပြီး တဒေါ်လာပျမ်းမျှနှုန်းက ၁၃၇၂ ဒသမ ၂ ကျပ်ဖြစ်ပါတယ်။
ပြည်တွင်းမှာ ရွှေနဲ့ဒေါ်လာစျေးအနည်းငယ်ပြန်တက်လာပေမယ့် ရွှေစျေးကွက်မှာ အရောင်းအဝယ် အေးနေသေးတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းတာဝန်ရှိသူက ဦးမျိုးမြင့်က ပြောပါတယ်။
အခုချိန်မှာ ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ စီးပွားရေးအကြပ်အတည်းကြောင့် ရွှေတုံးဝယ်ယူ စုဆောင်း မြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရွှေဘက်ကိုမလှည့်နိုင်သေးဘဲ အခုတလောပြန်ရောင်းထည်တွေကများနေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူ ပြောပါတယ်။
အခုနောက်ပိုင်းရွှေဆိုင်တွေက လက်ဝတ်ရတနာရွှေထည်ပစ္စည်းတွေကို ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက်ကနေ live လွှင့်ရောင်းချတာတွေပြုလုပ်လာပါတယ်။
ဒါကလည်း ဒီဇိုင်းပုံစံကို အသားပေးရောင်းချတာဖြစ်ပြီး နိုင်ငံခြားက 3D နဲ့လာတဲ့ ဒီဇိုင်းအသစ်အဆန်းတွေဟာ လက်ရာမြောက်တဲ့အတွက် လူငယ်တွေအကြားမှာ အရောင်းအဝယ် ဖြစ်တာများတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းက ဆိုပါတယ်။
အခုအခါမှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းရုံးကို ပုံမှန်အတိုင်းဖွင့်လှစ်လည်ပတ်နေသလို ရွှေဆိုင်တော်တော်များများလည်း ပြန်လည်ဖွင့်လှစ်လာတာပါ။ လူမှုကွန်ရက်က live လွှင့်ရောင်းချ တဲ့ရွှေဆိုင်တွေရှိသလို live မလွှင့်ဘဲ ဆိုင်ဖွင့်ပြီးဆိုင်ထိုင်ရောင်းချတဲ့ရွှေဆိုင်တွေလည်းရှိနေပါတယ်။
အခုဆိုရင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်း ၂သောင်းဝန်းကျင် ရှိနေပြီး ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၂၉ ကျပ်ထိရှိတယ်လို့ ရွှေစျေးကွက်ကသိရပါတယ်။
သတင်း - ချမ်းမြေ့မောင်