Home
မြန်မာသတင်း
The Voice Myanmar သီချင်းဆိုပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်အဆင့် ပြိုင်ပွဲဝင် ၄ ဦးထွက်ပေါ်
DVB
·
December 14, 2020
လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်ပြိုင်ပွဲကို မနေ့ညကကျင်းပရာမှာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တွမ်ပီး၊ ခင်ရတနာစိုး၊   N Oo L နဲ့ Error အဖွဲ့တို့  ၄ ဦးက တက်ရောက်သွားပါတယ်။ မနေ့ညက ယှဉ်ပြိုင်တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L က “မျှော်လင့်ခြင်းကွင်းပြင်သီချင်း” ၊ ဆလိုင်းတီလျန်က “တိမ်လိုအချစ်” သီချင်းနဲ့ သီဆိုပြိုင်ပွဲခဲ့ပြီး ပရိတ်သတ်ရဲ့မဲ ၆၀ ရာခိုင်နှုန်း ဒိုင်ရဲ့ ၄၀ ရာခိုင်နှုန်းမဲပေးမှုနဲ့  N Oo L က ဖိုင်နယ်တက်သွားပါတယ်။ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက ဘဝက “အပြာရောင်ကော်ဖီဆိုင်”  သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး   တွမ်ပီးက “အစိမ်းရောင်စာစု” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ တွမ်ပီးက ဖိုင်နယ်တက်သွားပါတယ်။ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတနာစိုးက “ဆောင်းကြာခြည်”သီချင်း၊ ပန်က “ Sky Fall” သီချင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ ခင်ရတနာစိုးက ဖိုင်နယ်တက်သွားသလို ၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက IV ထူးက “သစ်ပင်” သီချင်း၊  Error အဖွဲ့က “Heavy Weight” သီချင်းနဲ့ ယှဉ်ပြိုင်ပြီး  Error အဖွဲ့က ဖိုင်နယ်တက်သွားပါတယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲနဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်တွေပြီးသွားပြီး လာမယ့်သီတင်းပတ်မှာ နောက်ဆုံး ဖိုင်နယ်ကို  အကြိတ် အနယ် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ ဓာတ်ပုံ- The Voice Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024