တပ်မတော်နှင့် အေအေတို့ ဆွေးနွေးမှုများ ဆက်လုပ်မည်
DVB
·
December 14, 2020
တပ်မတော်နဲ့ အေအေတို့အကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အလားအလာကောင်းတွေရှိလာနိုင်တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်နဲ့အေအေတို့အကြား UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှုခိုင်မာရေးနဲ့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အေအေဘက်ကတော့ ပြောဆိုထားပါတယ်။
တပ်မတော်ဘက်ကတော့ အဲဒီဆွေးနွေးပွဲရလဒ်ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အလားအလာကောင်းတွေလည်း ရှိလာနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်မှုရပ်စဲရေးအတွက်တော့၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှု ခိုင်မာရေး အတွက်တော့ ဆက်လက်လုပ်ဆောင်သွားဖို့တော့ရှိပါတယ်"
ဒါ့အပြင် တပ်မတော်နဲ့ အေအေတို့ စစ်တွေမှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်နေပေမယ့် တပ်ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အေအေဘက်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေလည်း မရှိသလောက် ရပ်ဆိုင်းသွားပါတယ်။