Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၂၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၃ ဦးထပ်တိုး
DVB
·
December 13, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၂၇ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၂၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၃ ယောက်ထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၅၆၄ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၂၇  ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၃၈၉ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၉၅ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၉၄ ယောက်  ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၁၈၉ ယောက်ကို  နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၈,၃၄၂ ယောက်၊ သေဆုံးသူ ၂,၂၆၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၆,၇၉၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၂ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  သန်း ၅၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - မြောက်ဥက္ကလာဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024