Home
မြန်မာသတင်း
ကိုဗစ်လူနာ သွားခေါ်သည့် နန်းယွန်းဆေးရုံ လူနာတင်ကား ချောက်ထဲကျ
ပိုင်စိုး
·
December 13, 2020
နာဂဒေသ နန်းယွန်းရဲ့ ပထမဆုံး ကိုဗစ်လူနာတွေကို သွားခေါ်တဲ့ နန်းယွန်းဆေးရုံက လူနာတင်ကား ချောက်ထဲ ကျသွားလို့ လူနာတွေဟာ ကိုယ်တိုင်ပဲ ဆိုင်ကယ်မောင်းပြီး ဆေးရုံကို လာခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က နန်းယွန်းမြို့နယ် ဒုံဟီးရွာမှာ ကွာရန်တင်းထားတဲ့ သားအဖနှစ်ယောက်မှာ ပိုးတွေ့လို့ နန်းယွန်းမြို့နယ်ဆေးရုံကို ခေါ်ဖို့ သွားခဲ့တာပါ။ နန်းယွန်းက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က “အစပိုင်းကတော့ သွားခေါ်ဖို့ အဆင်မပြေတာနဲ့ လူနာတွေက သူတို့ရဲ့ ဆိုင်ကယ်နဲ့လာနေကြတာ။ ဆိုင်ကယ်က သိပ်တော့မကောင်းဘူး။ လမ်းမှာ ၂ ခေါက်ပျက်တယ်။ သူတို့က အဖေနဲ့ အသက် ၁၃ နှစ်အရွယ် သမီးပါ။ သူတို့ဆိုင်ကယ်ကို တခြားသူကလည်း ပြင်ပေးဖို့ အဆင်မပြေတော့ သူတို့ဘာသာ တတ်သလောက်ပြင်ပြီး မောင်းနေရတယ်။ ဒါနဲ့ပဲ ဆေးရုံက ကားနဲ့ သွားခေါ်ဖို့လုပ်ခဲ့တာ” လို့ ပြောပါတယ်။ ဒုံဟီးနဲ့ နန်းယွန်းက မိုင် ၄၀ လောက်ဝေးပြီး လမ်းကလည်း ဆိုးတယ်လို့ သူက ပြောပါတယ်။ လူနာကို သွားခေါ်ဖို့ညနေပိုင်းမှာမှ သွားဖြစ်ပြီး နန်းယွန်းနဲ့ ၅ မိုင်လောက်အကွာမှာ ဘရိတ်ပေါက်သွားတာပါ။  “အဲဒီလမ်းက မကောင်းဘူး။ မကောင်းဆို တော်တော်လေးကို မကောင်းတာ။ ညနေ ၆ နာရီနဲ့ ၇ နာရီကြား မှောင်စအချိန် အတက်နေရာမှာ ဘရိတ်ပေါက်တော့ ပြန်ဆုတ်လာတာ။ မောင်းတဲ့သူကလည်း PPE ကို တခါမှ မဝတ်ဖူးဘူး။ အဲဆိုတော့ သူတို့အတွက် အခက်အခဲရှိမှာပေါ့။ ဒါနဲ့ ကားမောင်းတဲ့သူနဲ့ ပါသွားတဲ့ ကျန်းမာရေးမှူးက ကားပေါ်က ခုန်ဆင်းကြတော့ ကားက ချောက်ထဲ ကျသွားတာ” လို့ ပြောပါတယ်။ သူတို့မှာ ဒဏ်ရာမရသလို ကားကိုလည်း အခု ချောက်ထဲက ဆယ်ထားပြီးပြီလို့ ဆိုပါတယ်။ ကိုဗစ် လူနာ သားအဖ ၂ ယောက်လည်း ည ၁၁ နာရီလောက်မှာ ဆေးရုံကို ရောက်လာခဲ့ပြီး ရောဂါလက္ခဏာတွေ ရှိပေမယ့် ကျန်းမာရေး အခြေအနေကောင်းတယ်လို့ ဆိုပါတယ်။ Photo - Htet Naing Aung Soe Moe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024